
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးခက်ဇ်ဟာ ဖေဖော်ဝါရီ ၂ ရက်မှာ လက်ဘနွန်ထဲက စစ်တပ်စခန်းတွေဆီ သွားရောက်ခဲ့ပြီး မောင်းသူမဲ့လေယာဉ် (UAV) တွေကို အစ္စရေးနိုင်ငံအထဲ မပစ်လွှတ်ဖို့ ဟစ်ဇ်ဘိုလာတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံထဲက အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ကြား နယ်နိမိတ်ဖြတ်ကျော် ပစ်ခတ်မှုဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ကြောင့် သက်ရောက်မှုရှိခဲ့ပြီး ပြင်းထန်တဲ့ လက်နက်ကိုင် ရန်သူနှစ်ရပ်ကြား တိုက်ပွဲတွေ တနှစ်ကျော်ကြာ ရပ်တန့်သွားခဲ့တာပါ။
သဘောတူညီချက်ထဲမှာ လက်ဘနွန်နိုင်ငံထဲက လက်နက်ကိုင်အဖွဲ့အားလုံး လက်နက်ဖျက်သိမ်းရေး တောင်းဆိုထားပါတယ်။
လက်ဘနွန်တောင်ပိုင်းကစပြီး ခွင့်ပြုချက်မရှိတဲ့ လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံ အားလုံးကို ဖျက်သိမ်းသင့်တယ်လို့လည်း ဆိုထားပါတယ်။
ဒါပေမဲ့ ဟစ်ဇ်ဘိုလာက ဒီသဘောတူညီချက်ဟာ လက်ဘနွန်တောင်ပိုင်းနဲ့သာ သီးသန့်သက်ဆိုင်တယ်လို့ အခိုင်အမာ ပြောနေတာပါ။
ဒီသဘောတူညီချက်ထဲမှာ အစ္စရေးတပ်တွေကို ရက် ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းကနေ ထွက်သွားဖို့ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ အစ္စရေးတပ်တွေ ဆုတ်ခွာဖို့နဲ့ လက်ဘနွန်တပ်တွေ နေရာချထားရေးအတွက် အချိန်ပိုပေးဖို့ ကာလကို ပြီးခဲ့တဲ့ သီတင်းပတ်က ဖေဖော်ဝါရီ ၁၈ ရက်အထိ တိုးမြှင့်ခဲ့ပါတယ်။
အစ္စရေးက လက်ဘနွန်ဟာ သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို အပြည့်အဝ အကောင်အထည်မဖော်သေးဘဲ အပစ်အခတ်ရပ်စဲရေးကို ဟစ်ဇ်ဘိုလာအဖွဲ့က ချိုးဖောက်တယ်လို့ အထူးစွပ်စွဲထားပါတယ်။
Source : Reuters