
အသင်းသားတွေ ယုံကြည်မှုရှိလာခြင်းက အဲဗာတန်အသင်းကို ရလဒ်ကောင်းမွန်လာတဲ့ အသင်း အဖြစ် ပြောင်းလဲသွားစေကြောင်း နည်းပြမိုယက်စ်က ပြောသွားပါတယ်။
အဲဗာတန်အသင်းဟာ နည်းပြဟောင်း ရှောင်ဒိုက်လက်ထက်မှာ သွင်းဂိုး ၁ ဂိုး ရဖို့ ရုန်းကန်ခဲ့ရပြီး တန်းဆင်းဇုန်မှာ ရပ်တည်ခဲ့ရတာပါ။
နည်းပြမိုယက်စ်ကို ပြန်လည်ခန့်အပ်လိုက်ပြီးနောက်မှာ အဲဗာတန်အသင်းရဲ့ ဂိုးသွင်းနိုင် စွမ်းရည်တွေ တိုးတက်လာခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၃ ပွဲစလုံး အနိုင်ရရှိခဲ့တာပါ။
အသင်းရဲ့ ခံစစ်ပိုင်းက စွမ်းဆောင်ရည်ကောင်းမွန်ပြီးသားဖြစ်ပြီး ယုံကြည်မှုနဲ့ အကောင်းမြင်တတ်တဲ့ စိတ်ဓာတ်တွေရှိလာတာက အသင်းကို ပြောင်းလဲစေခဲ့တာဖြစ်တယ်လို့ နည်းပြမိုယက်စ်က ပြောပါတယ်။
၃ ပွဲဆက်နိုင်ပွဲရတဲ့ အဲဗာတန်ဟာ ပွဲစဉ် ၂၃ အပြီးမှာ တန်းဆင်းဇုန်နဲ့ ၉ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။