လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးတပ်တွေ ဆုတ်ခွာပေးရမယ့် ကာလကို သက်တမ်းတိုးဖို့ ဘာအကြောင်းပြချက်ကိုမှ လက်မခံကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးအကဲ နာအီးမ် ကက်ဆမ် က ဇန်နဝါရီ ၂၇ ရက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအီးမ်ကက်ဆမ်က “သဘောတူညီချက်အရ၊ အခု ကျနော်တို့ဟာ အဆင့်သစ်တခုကို ရောက်နေပါပြီ။ ဟစ်ဇ်ဘိုလာနဲ့ အစ္စလမ္မစ် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ရယ်၊ ကျနော်တို့နဲ့အတူ ခုခံတိုက်ခိုက်ရေးသမား တွေကလည်း အားလုံးဟာ သဘောတူညီချက်ကို လုံးဝမချိုးဖောက်ဖို့ လုံးလုံးလျားလျား ကတိပြုခဲ့ကြပါတယ်။ အစ္စရေးကတော့ အကြိမ်ပေါင်း ၁,၃၅၀ လောက် သဘောတူညီချက်ကို ချိုးဖောက်ပြီးတော့ ကုန်းကြောင်း၊ လေကြောင်းကနေ သို့မဟုတ် တနေရာမှ တနေရာကို ရွေ့လျားနေတဲ့ ဒရုန်းတွေနဲ့ဖြစ်စေ ဗုံးခွဲခြင်း၊ တိုက်ခိုက်ချေမှုန်းခြင်း၊ နေအိမ်တွေကို ဖျက်ဆီးခြင်း၊ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးခြင်းတွေ ကျူးလွန်ခဲ့တယ်” လို့ ပြောပါတယ်။
သူတို့အနေနဲ့ အစ္စရေးရဲ့ အကြောင်းပြချက်ကိုလက်မခံကြောင်းနဲ့ အမေရိကန်တွေက လက်ဘနွန် အရာရှိတွေကို ဆက်သွယ်နေပြီး သဘောတူညီချက်ကို ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးဖို့ အကြံပြုထားတယ်ဆိုတဲ့ သတင်းရရှိထားတယ်လို့ ဆိုပါတယ်။
လက်ဘနွန်ရဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအီးမ်ကက်ဆမ်က “လက်ဘနွန် တာဝန်ရှိသူတွေက ဒါကို ငြင်းဆိုခဲ့တော့ သူတို့က ‘ကောင်းပြီ၊ ဒါဆိုရင် ဖေဖော်ဝါရီ ၁၈ ရက်အထိ ထားလိုက်မယ်’ လို့ ပြန်ဖြေတယ်။ သူတို့ကလည်း မရဘူးလို့ ငြင်းထားတယ်။ နေရာ ၅ ခုကို လေ့လာဖို့ လိုတယ်လို့လည်း ပြောပြန်တယ်။ လက်ဘနွန် အရာရှိတွေကလည်း ငြင်းမြဲငြင်းလိုက်တယ်။ ကျွန်ုပ်တို့ ဟစ်ဇ်ဘိုလာဟာ သမ္မတ ဂျိုးဇက်ဖ်အုန်လက်ထက်မှာ အစ္စရေးနိုင်ငံကို အကျိုးအမြတ်တခုမှ ပေးမှာမဟုတ်ကြောင်း သေချာပေါက်သိနေတယ်” လို့လည်း ပြောပါတယ်။
အစ္စရေးက သူတို့စစ်တပ်ရဲ့ ဆုတ်ခွာမှုဟာ လက်ဘနွန်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ ကာလထက် ကျော်လွန်သွားမှာ ဖြစ်ကြောင်း သောကြာနေ့မှာ ပြောကြားခဲ့ပြီး လက်ဘနွန်နိုင်ငံက ပြဋ္ဌာန်းထားတဲ့ သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို အပြည့်အဝ လိုက်နာခြင်းမရှိဘူးလို့ ပြောဆိုပါတယ်။
Source : Reuters