ကိုဗစ်ရောဂါပျံ့နှံ့မှု မူလအစဟာ တိရစ္ဆာန်ကနေ လာတာထက် တရုတ်ဓာတ်ခွဲခန်းကနေ ယိုစိမ့်တာ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ သုံးသပ်ချက်ကို အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က ထုတ်ပြန်လိုက်ပါတယ်။
ဒါပေမဲ့လည်း ဒီသုံးသပ်ချက်ဟာ “ယုံကြည်စိတ်ချရမှု အဆင့်နိမ့်” တယ်လို့လည်း ဆိုပါတယ်။ ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေအရ ဗိုင်းရပ်စ်ဟာ သုတေသနနဲ့ဆက်စပ်ပြီး ပေါ်ပေါက်လာတာဟာ သဘာဝအလျောက် ဖြစ်ပွားတာထက် ဖြစ်နိုင်ခြေ ပိုများတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
ဒီသုံးသပ်ချက်ကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက်ဟာ ကြာသပတေးနေ့က CIA ညွှန်ကြားရေးမှူးအဖြစ် တာဝန်စတင်ထမ်းဆောင်တဲ့ ဂျွန် ရက်ကလစ်ဖ်ရဲ့ ပထမဆုံး ဆုံးဖြတ်ချက်တွေထဲက တခု ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသုံးသပ်ချက်ဟာ ထရမ့်ပ် အစိုးရ မတိုင်ခင်ကတည်းက ဆောင်ရွက်နေတဲ့ ပြန်လည်သုံးသပ်မှုတခုဖြစ်ပြီး သတင်းအချက်အလက်အသစ်တွေအပေါ် အခြေခံထားတာ မဟုတ်ဘူးလို့ သိရပါတယ်။
ဘိုင်ဒင်အစိုးရသက်တမ်း နောက်ဆုံးအပတ်တွေထဲမှာ ဒီပြန်လည်သုံးသပ်မှု လုပ်ဆောင်ခဲ့တာဖြစ်ပြီး ထရမ့်ပ် ကျမ်းမကျိန်မီ ပြီးစီးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ကိုဗစ်ကပ်ရောဂါရဲ့ ဇာစ်မြစ်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေကြားမှာ သဘောတူညီချက် မရရှိသေးပါဘူး။
တချို့က တိရစ္ဆာန်ကနေ သဘာဝအတိုင်း ကူးစက်ပျံ့နှံ့လာတယ်လို့ ယုံကြည်ကြပြီး တချို့ကတော့ ဓာတ်ခွဲခန်းကနေ ယိုဖိတ်မှုကြောင့်လို့ ယူဆကြပါတယ်။
သမ္မတထရမ့်ပ်ရဲ့ ပထမသက်တမ်းတုန်းက အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး လုပ်ခဲ့တဲ့ ရက်ကလစ်ဖ်ဟာ ဓာတ်ခွဲခန်းကနေ ယိုစိမ့်တဲ့ သီအိုရီကို မူလကတည်းက ယုံကြည်သူလည်း ဖြစ်ပါတယ်။
Wuhan Institute of Virology လို့ခေါ်တဲ့ ဝူဟန် ဗိုင်းရပ်စ် သုတေသနဌာနဟာ ကူးစက်မှု ပထမဆုံး စတင်ပျံ့နှံ့ရာ ဟွမ်နန် သားငါးစျေးကနေ ကားနဲ့သွားရင် မိနစ် ၄၀ အကွာမှာ ရှိနေပါတယ်။
တရုတ်နိုင်ငံကတော့ ဒီဓာတ်ခွဲခန်းယိုဖိတ်မှု သီအိုရီဟာ ဝါရှင်တန်ရဲ့ နိုင်ငံရေးအရ လှုံ့ဆော်မှုတခုသာ ဖြစ်တယ်လို့ ပြောပါတယ်။
Source : Reuters