Home
နိုင်ငံတကာ
WHO အရှုပ်အထွေးကင်းရှင်းပါက ပြန်လည်ဝင်ရောက်ရေး စဉ်းစားမည်ဟု ထရမ့်ပ်ပြော
DVB
·
January 26, 2025
Photo: Reuters

အမေရိကန်သမ္မတ ထရမ့်ပ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သာ  အရှုပ်အထွေးတွေ ရှင်းလင်းအောင် လုပ်မယ်ဆိုရင်  ပြန်လည်ဝင်ရောက်ဖို့ စဉ်းစားမယ်လို့ ပြောကြားလိုက်ပါတယ်။ 

ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုနဲ့ နိုင်ငံတကာကျန်းမာရေး အကျပ်အတည်းတွေမှာ ကိုင်တွယ်ပုံ လွဲမှားတယ်ဆိုပြီးတော့ WHO ကနေ နုတ်ထွက်ကြောင်း ကြေညာပြီး ရက်ပိုင်းအကြာမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

နီဗားဒါးပြည်နယ်၊ လပ်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ထရမ့်ပ်က  “ပြန်ဝင်ဖို့ စဉ်းစားချင်လည်း စဉ်းစားမှာပေါ့။ မပြောတတ်ဘူး။ ဝင်ချင်လည်း ဝင်မှာပေါ့။ သူတို့ကတော့ ရှင်းလင်းသန့်စင်အောင် လုပ်ရပါမယ်” လို့ ပြောကြားသွားပါတယ်။ 

သမ္မတထရမ့်ပ်က သူ့ရဲ့ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပြီးပြီးချင်းမှာပဲ WHO ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ WHO အဖွဲ့ဝင်အဖြစ်က နုတ်ထွက်မှုဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှာ တရားဝင်အတည်ဖြစ်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံဟာ WHO ရဲ့ အကြီးဆုံးရန်ပုံငွေထည့်ဝင်သူဖြစ်ပြီး၊ စုစုပေါင်းရန်ပုံငွေရဲ့ ၁၈ ရာခိုင်နှုန်းကို ထည့်ဝင်နေပါတယ်။ WHO ရဲ့ ၂၀၂၄-၂၀၂၅ ၂ နှစ်တာဘတ်ဂျက်ဟာ ဒေါ်လာ ၆.၈ ဘီလီယံ ဖြစ်ပါတယ်။

လူဦးရေပိုများတဲ့ တရုတ်နိုင်ငံထက် အမေရိကန်က ငွေပိုထည့်ဝင်နေရတာကို သဘောမတူကြောင်းလည်း သမ္မတထရမ့်ပ်က ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဆော်ဒီအာရေဗျက အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမယ့် ပမာဏကို လက်ရှိကတိပြုထားတဲ့ ဒေါ်လာ ဘီလီယံ ၆၀၀ ကနေ တစ်ထရီလီယံအထိ တိုးမြှင့်ဖို့ တောင်းဆိုသွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013