(က)
ဒီကနေ့ ရေနွေးဝိုင်းမှာ စိတ်ဝင်စားစရာကောင်းလှပါပေ၏။ အဘယ်ကြောင့်ဟူမူ ‘လူဝင်စား’ များနှင့်ပတ်သက်ပြီး ပြောဆိုနေကြ၍ ဖြစ်ပါ၏။ ‘ပြေငြိမ်း’ ဝင်စားသည့် ကလေးအကြောင်းလည်း ပါ၏။ ‘ဒွေး’ ဝင်စားသည့် ကလေးအကြောင်းလည်းပါ၏။ သည့်အပြင် မိမိတို့ဒေသရပ်ရွာများမှာ ပေါ်ပေါက်ခဲ့ကြရာ လူဝင်စားများအကြောင်းလည်း ပါ၏။
“‘လူဝင်စား’ ဆိုတာကတော့ကွာ တကယ်လည်း ရှိခဲ့တာပဲ မူးသာရ”
“အေးပေါ့ စိမ်းမောင်ရ၊ ‘လူဝင်စား’ ဆိုတာ ခေတ်တိုင်းမှာ ရှိနိုင်တာပဲလေကွာ”
“အေးကွ၊ ဥပမာပြောရရင် ငါ့သားအကြီးကောင်”
“‘လေမောင်’ လား”
“အေး . . . အဲ . . ငါမှည့်ထားတာ ‘လေးမောင်’ ပါဟ လုံးတုံးရ”
“ဘာပဲဖြစ်ဖြစ် အခုတော့လည်း ဝစ်စပေါက်နှစ်လုံး ပြုတ်ပြီး ‘လေမောင်’ ပဲ ခေါ်ကြတော့တာဗျား”
“ဟား ဟား ဟား ဟား ဟား ဟား”
စိမ်းသရဖူစိမ်း အဘစိမ်းမောင်က ဘုကြည့်ကြည့်ပါ၏။ ’လေ’ ကြီးလွန်းသည့်အတွက် ‘လေမောင်’ ဟုသာ လူတိုင်းခေါ်နေကြတာ ကြလှပြီတဲ့။
“ပြောပါအုံးဟ မင့်ကောင်အကြောင်းကို”
“အေး . . . ဒီကောင်လည်း ‘လူဝင်စား’ ပဲကွ”
“ဘယ်သူများ ဝင်စားတာလဲဟ”
“သူ့ဘကြီး ‘ထွေးမောင်’ ဝင်စားတာပေါ့ကွ”
“ဟေ . . . ဟုတ်လို့လား စိမ်းမောင်ရာ”
“ဘာဖြစ်လို့လဲ မူးသာ”
“အဲ . . . ဘကြီးထွေးမောင်က ‘လေ’ မှ မကြီးတဲ့ဟာကိုများ”
“ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင့် မျက်နှာကြီးမှာ မည်းမှောင်လာကာ ‘သေနာတွေ’ ဟု ဆဲရေးပါလေ၏။ ပြီးတော့ “တကယ်ဝင်စားတာကွ” ဟု ဆိုပါလေ၏။ ထိုအခါ အရွှင်အဘတွေက “အေးကွ၊ ရုပ်ကတော့ ခပ်ဆင်ဆင်ပဲနော်” ဟု ချွန်ပါလေရာ အဘစိမ်းမောင် ကျေနပ်သွားပါ၏။
“ဘကြီးထွေးမောင်က ငါးပိကောင်ကြိုက်သလို ဒီကောင်လည်း ကြိုက်တယ်၊ ဘကြီးထွေးမောင်လိုပဲ ဒီကောင်လည်း အိပ်ရင် အံကြိတ်တယ်၊ ဘကြီးထွေးမောင်လိုပဲ ထန်းရည်မူးလာရင် ငိုတယ်”
“အလယ်လယ် လယ် . . . ၊ တူချက်ကွာ”
“အဲဒါပြောတာပေါ့ကွ၊ လူဝင်စားဆိုတာ”
အဘလုံးတုံးက ကျွန်ုပ်ဖေကြီးအား လှမ်းပြုံးပြကာ စကားဆက်ပါလေ၏ ခင်ဗျာ။
“မင်းတို့ကိုးကွယ်တော်မူနေတဲ့ ကြင်စိုး သာဝ မအလကြီးလည်း ‘လူဝင်စား’ ပဲကွ”
“ဟေ . . . ဘယ်သူများ ဝင်စားတာတဲ့လဲ”
“အဲ . . . ‘ကျန်စစ်သား’ ဝင်စားတာတဲ့”
“အဲ့ . . . မဖြစ်နိုင်ပါဘူးကွာ”
“ဘာဖြစ်လို့ မဖြစ်နိုင်တာလဲ စိမ်းမောင်ရ”
“ဟိုက မင်းကောင်းမင်းမြတ်ကြီးမဟုတ်လား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
သူ့စကား၏ အဓိပ္ပာယ်သက်ရောက်မှုကို မစဉ်းစားဘဲ လွှတ်ကနဲ ပြောလာလေရာ တဝိုင်းလုံး တဟားဟား ဖြစ်ကုန်ကြပါလေ၏ ခင်ဗျာ။ သူ့စကားနှင့်သူ ဘာဆက်ရမှန်းမသိ ဖြစ်နေခိုက် အဘစောမူးသာက လေပြေထိုးလာပါ၏။
“အေးကွ . . . ဗိုလ်စောမောင်တုန်းကလည်း သူ့ကိုယ်သူ ‘ကျန်စစ်သား’ ဝင်စားတာလို့ ပြောခဲ့ဖူးတာ မှတ်မိတယ်မဟုတ်လား လုံးတုံး”
“မှတ်မိပါတယ် မူးသာရ၊ အဲသည်အချိန်တုန်းက ငါ တပ်ထဲမှာပဲ ရှိသေးတယ်လေ”
“အခု ဗိုလ်ကြင်စိုးကလည်း ‘ကျန်စစ်သား’ ဝင်စားတာဆိုတော့ ဘယ်လိုတွေလဲဟ”
“ဗိုလ်စောမောင်ဟာ ကျန်စစ်သားဝင်စားတာ မဖြစ်နိုင်ဘဲ ဗိုလ်ကြင်စိုးကမှ ကျန်စစ်သား တကယ်ဝင်စားတာ ကျိန်းသေပဲဟ”
“ဘယ်လိုအချက်အလက်တွေက တူနေလို့လဲ”
“အဲ . . . ဘာတခုမှတော့ မတူပါဘူးကွာ”
“ဘာတခုမှ မတူဘဲနဲ့များကွာ”
“ဒါပေမယ်လို့ မအလဟာ တကယ့်ကို ‘ကျန်စစ်သား’ ဖြစ်လိမ့်မယ်”
“ဘာဖြစ်လို့လဲဟ”
“အခုဆိုရင် သူ့လက်ပါးစေ ခိုင်းဖတ် ဖက်ဆစ်တပ်လည်း ကုန်ခါနီးနေပြီ၊ မကြာခင် တယောက်မကျန် ပြုတ်တော့မှာ ဆိုတော့ . . .”
“ဆိုတော့ကာ . . .”
“နောက်ဆုံး ဖက်ဆစ်တပ်မှာ မအလတယောက်တည်း ‘ကျန်’ တော့မှာမို့ သူဟာ တကယ့် ‘ကျန်စစ်သား’ ဖြစ်ပါလိမ့်မယ်ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
လူဝင်စားနှင့် ကျန်စစ်သားအကြောင်းကို ဆက်ကြပြန်လေရာ ဗဟုသုတ များစွာရပါလေ၏ ခင်ဗျာ။ စာဖတ်နာသော အရွှင်အဘများက ‘ကျန်စစ်သား’ အကြောင်းကို မျှဝေပါလေ၏။
“‘ကျန်စစ်သား’ မင်းကြီးဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို စံပြပုဂ္ဂိုလ်တဦးကွ”
“အမှန်ပဲ မူးသာ၊ သူ့ခမည်းတော်အပေါ်မှာသာမက တိုင်းပြည်နဲ့ လူထုအပေါ်လည်း ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်တော်မူခဲ့တဲ့ မင်းတပါးပေါ့”
“အေးကွ၊ သူပြောခဲ့တဲ့စကားတွေထဲက ဟိုတခုကို ခုထိ ရင်ထဲစွဲနေတယ်”
“ဘယ်တခုလဲ အဘ”
“ဒီလိုကွ၊ သူကပြောတယ် “ငိုကြွေးနေသော တိုင်းသူပြည်သားတို့၏ မျက်ရည်များကို ငါ၏ ဝဲလက်ဖြင့် သုတ်ပေး၍၊ ကျန် ယာလက်ဖြင့် ကောင်းမွန်သည့် အစားအသောက်များကို ကျွေးမည်” တဲ့”
“တယ်တော်တဲ့ ဘုရင်မင်းမြတ်ပါလား”
“အမှန်ပဲကွ ဖေကြီးရ၊ အခု စိမ်းမောင်တို့အဘ မအလလည်း ဒီလိုပါပဲကွ”
“ဘယ်လိုလဲအဘ”
“မအလလည်း လက်ဝဲဘက်လက်ကော လက်ျာဘက်လက်ပါ သုံးနေတာပဲလကွာ”
“နားမရှင်းဘူး အဘ”
“သူကတော့ ဒီလိုပြောတာပေါ့ “ငိုကြွေးနေသော တိုင်းသူပြည်သားတို့၏ မျက်နှာများကို ငါ၏ ဝဲလက်ဖြင့် တဖြန်းဖြန်းရိုက်၍၊ ကျန် ယာလက်ဖြင့် ကောင်းမွန်သည့် အစားအသောက်များကို ငါ၏မိသားစုအား ကျွေးမည်” ပါတဲ့ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)