Home
မြန်မာသတင်း
အာဆီယံနိုင်ငံများကို ဘက်ခွဲပြီး မဆက်ဆံဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် ပြော
DVB
·
January 24, 2025
Photo-Reuters

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီအိုက အရှေ့တောင်အာရှက အာဆီယံနိုင်ငံတွေကို ဘက်ခွဲပြီး ဆက်ဆံမှာမဟုတ်ဘူးလို့  ပြောကြားလိုက် ပါတယ်။

မြန်မာ့အရေးကို အမေရိကန်နိုင်ငံက အာဆီယံလမ်းကြောင်းကနေပဲ ဆက်လက် ချဉ်းကပ်သွားဖွယ်ရှိပြီး ကိုင်တွယ်ပုံနည်းလမ်းတွေတော့ အပြောင်းအလဲရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ ရက်၊ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးအဖြစ် မာကိုရူဘီအိုက အမေရိကန်အထက်လွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ တာဝန်လွှဲပြောင်းရယူခဲ့တာပါ။

နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် သမ္မတဒေါ်နယ်ထရမ့်ပ်က မာကိုယူဘီအိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ရဲ့မေးခွန်းတွေကို ဖြေကြားရာမှာ အရှေ့တောင်အာရှဒေသတွင်း အာဆီယံအဖွဲ့နဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကို ဘက်ခွဲပြီးဆက်ဆံသွားမှာ မဟုတ်ဘူးလို့ မာကိုရူဘီအိုက ပြောဆိုထားပါတယ်။

တရားဝင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီးနောက်မှာ အာရှဒေသအတွက် မူလထားရှိတဲ့အမြင်တွေ ကို မာကိုရူဘီအိုက  မူဝါဒအဖြစ် ကျင့်သုံးသွားဖွယ်ရှိနေတာပါ။

Los Angeles Myanmar Movement မှ ဂျိမ်း(စ်)ရွှေက “မာကိုရူဘီအိုပေါ့လေ၊ သူ့ရဲ့ Nomination Hearing မှာ တော်တော်မျှအောင်ပြောသွားတယ်။ သူက နဂိုကတည်းက မြန်မာပြည်အကြောင်း အာဆီယံအကြောင်ကို တော်တော်နားလည်တယ်။ သူကတော့ မျှတတာကို သဘောကျတယ်။ အာဆီယံတိုင်းပြည်တွေနဲ့ စီးပွားရေးအရ ဆက်ဆံဖို့က အရေးကြီးတယ်ပေါ့၊ အာဆီယံက စီးပွားရေးမျှော်လင့်ချက်တွေ အများကြီးရှိတယ်၊ သူက အဲ့ဒီလိုမျိုးမြင်တယ်။ ပြီးတော့ သူက အဲ့ဒီက တိုင်းပြည်တွေကို ဘက်ခွဲပြီးတော့ မဆက်ဆံချင်ဘူး။ တရုတ်ဘက်၊ အမေရိကန်ဘက် မဟုတ်ဘဲနဲ့ သူက မျှမျှတတ ဆက်ဆံဖို့သင့်တယ်လို့ သူပြောတယ်ဗျာ။ ပြောတယ်ဆိုတော့ ကျနော်တို့အမြင်နဲ့လည်းတူတယ်၊ ကျနော်တို့ သူတို့ကို နဂိုတောင်းဆိုထားတာနဲ့လည်းတူတယ်” လို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့မှာ တရုတ်အစိုးရ ဆန့်ကျင်သူအများစု နေရာရလာတာဖြစ်ပြီး နိုင်ငံတကာမှာ တရုတ်အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး ခြယ်လှယ်လာတဲ့ အနေအထားကို တုံပြန်ဖို့ အစီအစဉ်တွေလည်း ရှိနေတာဖြစ်ပါတယ်။ 

တရုတ်အစိုးရက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် အာဏာရှင်တပိုင်းနိုင်ငံတွေကို စုစည်းပြီး အစည်းအဝေးပြုလုပ်တာ၊ စစ်ကောင်စီကိုယ်စားလှယ်တွေကို အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရအောင် တွန်းအားပေးတာ စသဖြင့် ဆောင်ရွက်ချက်တွေ ရှိခဲ့တာပါ။

Learn and Share - လေ့လာဝေမျှမှ  ဦးကိုကိုလေးက “အကျိုးစီးပွားတွေကြောင့် ဒီမိုကရေစီ မပြောင်းအောင် တရုတ်က တသက်လုံးလုပ်ခဲ့တာဖြစ်တယ်။ ဒါကို ကျနော်တို့ ကောင်းကောင်း သိဖို့လိုတယ်၊ ဘာနဲ့သက်သေပြနိုင်သလဲဆိုတော့ တရုတ်ပြည်မကြီးနဲ့ထိစပ်နေတဲ့နိုင်ငံမှန်သမျှ မြန်မာနိုင်ငံအပါအဝင် ဒီမိုကရေစီပြောင်းခွင့်မရအောင်၊ အခုကျနော်တို့နိုင်ငံက အပြောင်းအလဲဖြစ်တော့မယ်၊ ဒါ တရုတ်က ဝင်ရောက်စွက်ဖက်တာ၊ အာဆီယံထဲကလူတွေကို မြန်မာပြည်နဲ့ အိမ်နီးနားချင်းနိုင်ငံများအစုဆိုပြီးတော့၊ အာဆီယံဥက္ကဋ္ဌကြီးကိုဖယ်ပြီးတော့ သူတို့ဘာသာသူတို့ အစည်းအဝေးလုပ်တယ်၊ သူတို့ဘာသာ ထိတွေ့မှုတွေလုပ်တယ်။ ဒါ အုပ်စုဖွဲ့တာပေါ့၊ အာဆီယံမှာ တရုတ်ကဝင်ပြီးတော့ အုပ်စုဖွဲ့လာတဲ့အတွက်ကြောင့် မာကိုရူဘီအိုအနေနဲ့ ဒီလိုအာဆီယံထဲမှာခွဲခြားပြီး၊ ဖဲ့စည်းရုံးပြီးတော့ မိမိလုပ်ချင်တိုင်း မလုပ်သင့်ဘူးလို့ ပြောတာပဲဖြစ်မယ်လို့ ယူဆတယ်” လို့ ပြောပါတယ်။

၂၀၂၅ မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံက တာဝန်လွှဲပြောင်းရယူထားပြီး နွေဦးတော်လှန်ရေး အစောပိုင်းကတည်းက ပြည်သူ့ဘက်က ရပ်တည်ချက်တွေရှိခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီမိုကရေစီမိတ်ဖက်အဖြစ်မှတ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီလက ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာမှာ ဖော်ပြထားပါတယ်။

ရှေ့ဆက် အာဆီယံနဲ့ အိမ်နီးချင်နိုင်ငံတွေရဲ့ အစည်းအဝေးတွေမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ အသိအမှတ်ပြုဖိတ်ကြားဖို့ လိုအပ်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က  ပြောပါတယ်။

“ဇာစ်မြစ်ကိုကြည့်လိုက်ရင် စစ်ကောင်စီကြောင့်ဖြစ်နေတဲ့ဟာ သက်ဆိုင်တဲ့လူတွေအားလုံးပါဝင်ပြီးတော့ ဆွေးနွေးရမယ်ဆိုတာ ဆုံးဖြတ်ချက်တွေလည်း တွေ့တယ်။ မြန်မာနိုင်ငံအရေးကို ဆွေးနွေးဖို့ဆိုရင် မြန်မာပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ဆွေးနွေးပွဲ၊ မြန်မာပြည်သူ လူထုဆန္ဒ နဲ့ ထင်ဟပ်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ State Holder တွေ အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ထပ်လောင်း ပြောကြားချင်ပါတယ်ခင်ဗျ။”

ဇန်နဝါရီ ၁၉ ရက်က အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ပြီး ဆွေးနွေးမှုတွေစတင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အဲ့ဒါအပြင် မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို လျစ်လျူရှုထားမှာမဟုတ်ဘဲ မြန်မာ့အရေးကို သတိကြီးကြီးထားပြီး ကိုင်တွယ်နေတယ်လို့  ထုတ်ဖော်ပြောဆိုထားပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013