Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်ပြင်းထန်လာနိုင်
DVB
·
January 23, 2025

မန္တလေးတိုင်း၊ မတ္တရာ၊ သပိတ်ကျင်းနဲ့  ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တို့မှာ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မကြာခင်မှာ တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-(မန္တလေး) တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးမြို့ အပါအဝင် နိုင်ငံတဝန်း မြို့ကြီးတွေကို တိုက်ခိုက်သိမ်းယူဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဗျူဟာတကျ စီစဉ်ဆောင်ရွက်နေတယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူကလည်း  ပြောပါတယ်။ 

တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်တွေကို ဖိအားပေးမှုတချို့ ရှိခဲ့တာကြောင့် ၂၀၂၄ စက်တင်ဘာလမှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်တွေ ရပ်ဆိုင်းသွားပြီး စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ စခန်းတွေကို ပြန်သိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုအော်စမွန်က  “လက်ရှိအခြေအနေမှာတော့ ကျနော်တို့နဲ့ စစ်ဆိုင်ထားတဲ့ နေရာတွေအားလုံးမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ မတ္တရာ၊ သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ အဓိကကတော့ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီက လူအင်အား ဖြည့်တင်းတာတွေ တောက်လျှောက်လုပ်ပြီးတော့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း အဆက်မပြတ် ပြုလုပ်နေတာ ရှိပါတယ်။ လက်ရှိမှာ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတွေရှိတယ်ဆိုပေမဲ့ အားစမ်းတဲ့သဘောမျိုးပဲ ရှိနေသေးတယ်လို့ ပြောလို့ရတယ်။ မကြာခင်တော့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနိုင်တယ်လို့ ယူဆရတယ်ဗျ”လို့ ပြောပါတယ်။

ဇန်နဝါရီ တတိယအပတ်မှာ တရုတ်အစိုးရရဲ့ စေ့စပ်မှုနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ အပစ်ရပ်သဘောတူညီချက် ထွက်ပေါ်ခဲ့ပြီး လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ပြန်ဆုတ်ပေးဖို့အထိ တရုတ်အစိုးရဘက်က တိုက်တွန်းမှုတွေ ရှိနေတာပါ။

ဒီလိုအခြေအနေတွေကြောင့် မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်တွေ ရပ်နားထားရပေမဲ့ ဒေသတွင်း PDF တွေက သိမ်းယူထားတဲ့ စခန်းတွေကို ပြန်လက်မလွှတ်ဘဲ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ခုခံနေတာ ဖြစ်ပါတယ်။

မတ္တရာPDF တာဝန်ရှိသူ ဦးတိုးက  “မတ္တရာအရှေ့ခြမ်းကတော့ ကြိုကြားကြိုကြား အချိန်အခါတော့ ခန့်မှန်းလို့ မရဘူး။ သူတို့ စိတ်ရူးပေါက်ရင် ပေါက်သလို လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်တယ်။ ၆၀ ကျည်နဲ့ သုံးပြီး ပစ်တာလည်းရှိတယ်။ ၈၀ ကျည်နဲ့ ပစ်တာလည်း ရှိတယ်။ အမျိုးမျိုးပေါ့လေ။ တခါတလေ ဘောလုံးကွင်းကနေ ထပြီးတော့ ၁၂၀ နဲ့ ထထ ပစ်နေတာလည်း ရှိတယ်။ နောက်တခါ ရွှေတောင်ဦး ခေါ်တာပေါ့၊ ထီးတော်မိုးတပ်ပေါ့လေ။ အဲဒီ ရွှေတောင်ဦးတောင်ပေါ်မှာလည်း လက်နက်ကြီးထိုင်ထားတာ ရှိတယ်။ ၁၂၀ ထိုင်ထားတာရှိတယ်။ အဲဒီအပေါ်ကနေလည်း အရှေ့ဘက်က ရွှေဥဩရဲ့ ရွှေထုတ်လုပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်ထဲ ကျတယ်။ အဲဒီဘက်ကို လှမ်းပစ်တာလည်း ရှိတယ်။ ပြီးတော့ ALPHA ဘက်ကို လှမ်းပစ်တာလည်း ရှိတယ်။ နောက်တခုက ဒီကောင်တွေ ဒရုန်းသုံးတယ်။ ဒရုန်းနဲ့ ပတ်ကစားနေတာလည်း ရှိတယ်”လို့ ပြောပါတယ်။

ဇန်နဝါရီလဆန်းကစပြီး မန္တလေး-မကွေးနယ်စပ် မြင်းခြံခရိုင်ထဲမှာ PDF တွေက စစ်ကောင်စီ လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး မြင်းခြံမြို့ကိုသိမ်းယူဖို့အထိ သတင်းစကားတွေပြောဆိုခဲ့ပါတယ်။

စစ်ရေးမှာ ဖိအားတွေရှိနေပေမယ့် NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တွေက မူလမဟာဗျူဟာတွေအတိုင်း မန္တလေးအပါအဝင် နိုင်ငံတဝန်း မြို့ကြီးတွေကို သိမ်းယူသွားမှာဖြစ်တယ်လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ  ဦးကျော်ဇော်က ပြောပါတယ်။

“မြင်းခြံခရိုင်မှာ PDF တွေထိုးစစ်ဆင်တိုက်ခိုက်နေကြတယ်။ ဒါကကျနော်တို့ရဲ့ စစ်ရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်။ စစ်ရေးအရတော့ မန္တလေးကိုသိမ်းမှာလား၊ မန္တလေးကို ဘယ်တော့သိမ်းမှာလဲ၊ ဘယ်မြို့ကို ဘယ်နေ့ ဘယ်အချိန်မှာသိမ်းမှာလဲ ဘယ်လိုတိုက်မှာလဲ စသဖြင့်ရည်မှန်းချက်တွေကို ပြောကြားလို့မရတာတော့ နားလည်ခွင့်လွှတ် ပေးမယ်ထင်ပါတယ်။ ကျနော်ပြောနိုင်တာတခုကတော့ မန္တလေးအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ဘယ်နေရာမဆို တော်လှန်ရေးအင်အားစုတွေက ကျနော်တို့ ရွေးချယ်တဲ့နေရာ ရွေးချယ်တဲ့အချိန်မှာ ထိုးစစ်ဆင် သိမ်းပိုက်သွားမှာဖြစ်ပါတယ်။”

၂၀၂၄ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ထုတ်ပြန်ချက်တွေအရ တော်လှန်ရေးအင်အားစုတွေက သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီ တပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်မှာ တပ်စခန်း ၃၅ ခု၊ စဉ့်ကူးမြို့နယ်မှာ စဉ့်ကူးမြို့အပါအဝင်တပ်စခန်းအားလုံးကို သိမ်းယူခဲ့တာပါ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအလွန်မှာ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူး၊ နောင်ချို မြို့တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူထား ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024