Home
မြန်မာသတင်း
မုံရွာမြို့တွင် ပေါ်တာဆွဲခံသည့် ပြည်သူ့စစ်မှုထမ်း ၁ ဦး အလင်းဝင်လာ
DVB
·
January 23, 2025
Photo: မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း (မုံရွာနတ်ဆိုးတပ်ဖွဲ့)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြည်သူ့စစ်မှုထမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် အလင်းဝင်ရောက်လာတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း (မုံရွာနတ်ဆိုးတပ်ဖွဲ့) ကနေ သိရပါတယ်။

မုံရွာနတ်ဆိုးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူက စစ်တပ်က ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်း ဆင်းလာပြီး မုံရွာမြို့တော်ခန်းမမှာ တာဝန်ကျနေသူ ဖြစ်ပါတယ်။ သူ့အသက်က ၃၁ နှစ်ပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ကိုအောင်မြင့်မြတ်ဟာ ရန်ကုန်တိုင်းဇာတိဖြစ်ပြီး ၂၀၂၄ သြဂုတ်လထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရပြီး တိုက်ကြီးမြို့နယ်က အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်းအပတ်စဥ် ၅ ကို ၃ လနီးပါး တက်ရောက်ခဲ့ရကာ မုံရွာမြို့က မြို့တော်ခန်းမမှာ လုံခြုံရေးတာဝန်အနေနဲ့ ပို့ဆောင်ခံရတာ ဖြစ်ပါတယ်။

မုံရွာနတ်ဆိုးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ကိုနတ်ဆိုးက “ပြည်သူ့ရင်ခွင်ကို အရင်ဆက်သွယ်တာ။ အဲဒီကနေမှ ရွှေဘိုခရိုင်အမှတ် ၂၆ ဆီကနေ ကျနော်တို့တပ်ဖွဲ့ဆီကို ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းမှူးက အကူညီတောင်းခံလာခဲ့တာပါ။ အဲဒါကြောင့် သွားရောက် ခေါ်ဆောင်လာခဲ့တာ။ ကိုအောင်မြင့်မြတ်က မုံရွာမြို့တော်ခန်းမမှာ တာဝန်ကျနေတာ တလနီးပါးလောက်ရှိနေပြီလို့ သိရတယ်။ အခွင့်မသာလို့ လက်နက်ပါမလာခဲ့ဘူး။ သူ့ကို ကယ်ထုတ်လာပြီးတော့ တပတ်လောက် ကျနော်တို့တပ်ဖွဲ့ထဲမှာနေတယ်။ ပြီးတော့မှ ရွှေဘိုခရိုင်အမှတ် ၂၆ ဆီကို ဘေးကင်းကင်းနဲ့ ပို့ဆောင်ပေးလိုက်တာပါ။ ဟိုဘက်တပ်ရင်း ရောက်သွားတော့လည်း အားလုံးအဆင်ပြေပါတယ်။ သူ့မိသားစုနဲ့တောင် အဆက်အသွယ် လုပ်လို့ရနေပြီလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း (မုံရွာနတ်ဆိုးတပ်ဖွဲ့) က သွားရောက်ခေါ်ထုတ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်မှာတော့ ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်းဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

ကိုအောင်မြင့်မြတ် အပါအဝင် အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်အထိ ရှိပြီလို့လည်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်းဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024