ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့၊ တာကျိုးတံတားအောက်မှာ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက သေဆုံးနေတဲ့ လူငယ်တယောက်အလောင်း တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူဟာ ပေါင်းတည်မြို့နယ်၊ သရက်ကုန်းရွာက အသက် ၃၂ နှစ်ဝန်းကျင်ရှိ ကိုစည်သူအောင် ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက နတ်တလင်းမြို့နယ်၊ တာပွန်မြို့ကိုသွားရင်း ပျောက်ဆုံးသွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
“၁၅ ရက်နေ့က အိမ်ကနေ တာပွန်ကို စိုက်ပျိုးရေးဆေးသွား၀ယ်ရင်းနဲ့ ပျောက်သွားတာ။ သွားတာလည်း တယောက်တည်း။ ပြန်မလာလို့ လိုက်ရှာကြတော့ ၂၀ ရက်နေ့မှ ပြန်တွေ့တာ။ အလောင်းက အပုပ်နံ့တောင်ထွက်ပြီး ရုပ်တောင်ပျက်နေပြီ။”
ကိုစည်သူအောင်ဟာ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး ဆိုင်ကယ်နဲ့ ဝတ်ဆင်ထားတဲ့ ရွှေတွေပါ ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူက ထပ်ပြောပါတယ်။
“ရွာမှာတော့ သူနဲ့ရန်ဖြစ်ဖူးတဲ့သူရှိတယ်လို့ မကြားမိဘူး။ သူက ဆိုင်ကယ် ကလစ်ဘီး၊ လက်စွပ်တွေ၊ ဖုန်းတွေပါတော့ သတ်တဲ့လူနှစ်ယောက်က ကြက်ဝိုင်းမှာရှုံးလို့ လုတာကနေ သတ်သွားတာ။ လမ်းမှာတောင် ရွှေကြာပင်ရွာထိပ်က ဘုရားပြင်နေတာနဲ့ အုတ်တွေတောင် သယ်ပေးလိုက်သေးတယ်တဲ့။”
ကိုစည်သူအောင်မှာ မိသားစုဝင် ၄ ယောက်ရှိပြီး လက်ရှိမှာ ဖခင်ဖြစ်သူကိုလည်း ဆေးရုံတင်ထားရတဲ့အပြင် ကိုစည်သူအောင်ကို သတ်တဲ့တရားခံ ၂ ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်ကလည်း တာပွန်မြို့၊ မုံရွာကြီးရွာအနီးမှာ အမျိုးသမီးတယောက် ဆိုင်ကယ်လုယက်ခံရပါသေးတယ်။