Home
မြန်မာသတင်း
ချင်းမိုင်တွင်ကျင်းပသည့် စစ်ဘေးရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲမှ  အလှူငွေ ကျပ်သိန်း ၂၈၀ နီးပါး ရရှိ
DVB
·
January 22, 2025
chin-02

စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးဒေသမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပံ့ပိုးပေးသွားမယ့် စစ်ဘေးရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲတခုကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ရုပ်ရှင်ပြပွဲမှာ မင်းမော်ကွန်းနဲ့ အောင်မြင့်မြတ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဖြတ်” ရုပ်ရှင်နဲ့ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ “အတူတကွ” ရုပ်ရှင် ၂ ကားကို ပြသခဲ့တာပါ။

ဒီရုပ်ရှင်ပြပွဲကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင် မင်းမော်ကွန်းက “ဒီပွဲက ကုန်ကျစရိတ်တွေ ရှိပါတယ်။ ဒီကုန်ကျစရိတ်တွေကို အခုပွဲကရတဲ့ငွေကို အသုံးပြုမှာ မဟုတ်ပါဘူး။ ဒီကုန်ကျစရိတ် အားလုံးကို Together Production ကနေ ဂုဏ်ယူစွာနဲ့ အကုန်ကျခံ လှူဒါန်းထားတာဖြစ်ပါတယ်။ ဒီနေ့ပွဲကနေရတဲ့ငွေအားလုံး ၁၀၀ ရာခိုင်နှုန်းသည် ကျနော်တို့ရဲ့ စစ်ရှောင်ပြည်သူတွေဆီကို အကုန်လှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဒီရုပ်ရှင်ပြပွဲမှာ ပြသခဲ့တဲ့ ရုပ်ရှင်ကား ၂ ကားထဲက အတူတကွ ဆိုတဲ့ ရုပ်ရှင်ကားကိုတော့ ချင်းမိုင်မြို့မှာ မနှစ်ကလည်း ပြသခဲ့ပေမဲ့ ဒီရုပ်ရှင်ကို ကြည့်ပြီးသား ပရိသတ်တွေက အခုပြပွဲမှာ ထပ်ပြီး လာရောက်အားပေးခဲ့ကြတယ်လို့ အတူတကွ ရုပ်ရှင်ဇာတ်ကား တာဝန်ခံ စိုင်းဇက်က ဆိုပါတယ်။

“အစက ဒီလောက်အထိ လူများမယ်လို့ မမျှော်လင့်ထားဘူး။ ပွဲချိန် ၂ ချိန်စလုံးမှာ ရုံပြည့်ရုံလျှံ လာရောက်အားပေးတဲ့ ပရိသတ်တွေကို အများကြီး ကျေးဇူးတင်တယ်။ အခက်အခဲတွေကြားထဲက လူအားရော၊ ငွေအားရော လာရောက်ပံ့ပိုးကူညီကြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်” လို့လည်း စိုင်းဇက်က ဆိုပါတယ်။

ရုပ်ရှင်ပြပွဲက ရရှိလာတဲ့ လက်မှတ်ရောင်းရငွေနဲ့ အလှူခံရရှိတဲ့ ရန်ပုံငွေ ၁၀၀ ရာခိုင်နှုန်းကို စစ်ဘေးရှောင် ပြည်သူတွေကို လှူဒါန်းသွားဖို့ ရည်ရွယ်ထားပြီး ဒီရုပ်ရှင်ပြပွဲကနေ အလှူငွေ ကျပ်သိန်း ၂၈၀ နီးပါး ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024