ချင်းမိုင် Night Safari က ရွှေရောင်အမွေးပွပွနဲ့ ကြောင်ကလေးတွေလို ချစ်စရာကောင်းတဲ့ ၃ နှစ်အရွယ် အဗေနဲ့ လူနာတို့ ရွှေကျားညီအမဟာ ကမ္ဘာတလွှားက ခရီးသွားတွေရဲ့ နှလုံးသားကို ဖမ်းစားထားနိုင်ပါတယ်။
ဒီရှားပါးကျားမျိုးစိတ်ကို ကမ္ဘာတလွှားက သားဖောက်တဲ့စခန်းတွေနဲ့ တိရစ္ဆာန်ရုံတွေမှာပဲ တွေ့နိုင်တော့ပြီး တောရိုင်းထဲမှာ မရှိတော့ဘူးလို့ ကျားထိန်း ပတ်ချရီ ပီပတ်ဝေါင်ချိုင်းက ပြောပါတယ်။
ဒီညီအမကို ဇွန်လကမှ စတင်ပြသခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ကနေ သူတို့အကြောင်း မိတ်ဆက်ခဲ့ချိန်မှာ နာမည်ကြီးသွားတာ ဖြစ်ပါတယ်။
ကျားပြပွဲမှာ ဒီညီအမ ပါလာကတည်းက လက်မှတ်ရောင်းအား ထိုးတက်ခဲ့ပြီး တပတ် ၄ ရက်ပြုလုပ်တဲ့ ပွဲမှာ ခုံ ၅၀၀ စလုံး အမြဲပြည့်တယ်လို့ ဆိုပါတယ်။
ရွှေကျားနှစ်ကောင်ဟာ အင်မတန်ပေါ့ပါးသွက်လက်သလို ယဉ်လည်းယဉ်ပါးနေတဲ့အတွက် သဘောကျနေကြတာ ဖြစ်ပါတယ်။
Golden Tabby ဆိုတာဟာ ဘင်္ဂလားကျားတွေထဲမှာမှ မျိုးဗီဇမြုံပြီးတော့ ထူးခြားတဲ့ ရွှေရောင်ရှိတဲ့ ကျားမျိုးကို ခေါ်တာဖြစ်ပါတယ်။ စထရော်ဘယ်ရီလို့လည်း သိကြတဲ့ ကျားမျိုးဖြစ်ပါတယ်။
သူတို့မှာ ပုံမှန်ထက်ပိုထူတဲ့ ရွှေရောင်ဖျော့ဖျော့ အမွေးတွေနဲ့ အရောင်ဖျော့တဲ့ လိမ္မော်ရောင်အစင်းကျားတွေ ရှိပါတယ်။
ရွှေကျားဦးရေဟာ ကမ္ဘာတလွှားမှာ အနည်းငယ်ပဲရှိတော့ပြီး ထိန်းချုပ်စောင့်ရှောက်ထားတဲ့ ပတ်ဝန်းကျင်မှာပဲ ရှင်သန်တော့တာ ဖြစ်ပါတယ်။
Source : Reuters