Home
နိုင်ငံတကာ
ဖူးကက်တွင် လှေပေါ်မှစွန့်ပစ်ခံရသည့်  ရိုဟင်ဂျာ ၄၉ ဦးကို ထိုင်းအာဏာပိုင်များတွေ့ရှိ ထိန်းသိမ်း
DVB
·
January 22, 2025
Photo-benarnews

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ဇန်နဝါရီ ၂၁ ရက် မနက်က ငါးဖမ်းလှေပေါ်ကနေ စွန့်ပစ်ခံထားရတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၄၉ ယောက် ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားလိုက်ပါတယ်။ 

မနေ့ မနက် ၃ နာရီလောက်က ဖူးကက်ခရိုင်၊ ထလန်မြို့နယ်၊ မိုက်ခေါဝ်အုပ်စု ဆိုင်းကယောက် ကမ်းခြေတလျှောက်မှာ မျက်နှာစိမ်းလူတအုပ်ရောက်ရှိနေတာကို ရွာသားတွေက တွေ့ရှိပြီး ရွာသူကြီးကို အကြောင်းကြားခဲ့တယ်၊ ရွာသူကြီးက မြို့နယ်အုပ်ချုပ်ရေးရုံးကို ဆက်လက်အ ကြောင်းကြားပြီး နယ်မြေခံရဲတပ်ဖွဲ့ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထလန်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆီဝပ် လဝမ်ကွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

တာဝန်ရှိသူတွေရောက်သွားချိန်မှာ အဆိုပါလူအုပ်က ထွက်ပြေးကြလို့ လိုက်လံဖမ်းဆီးခဲ့တယ်၊ အသက် ၁၅ နှစ်အောက် ကလေး ၁၂ ယောက် ၊ ကိုယ်ဝန်ဆောင်မိခင် တယောက်နဲ့အတူ စုစုပေါင်း ၄၉ ယောက်ကို ဖမ်းမိတယ်၊ အားလုံးဟာ ပင်ပန်းနွမ်းလျနေကြလို့  တာဝန်ရှိသူတွေက အစာရေစာထောက်ပံ့ကျွေးမွေးပြီး ရှေးဦးသူနာပြုစုထားရတယ်လို့ ဆိုပါတယ်။ 

စကားပြန်နဲ့ စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို သွားဖို့အတွက် ပွဲစားကစီစဉ်ပေးတဲ့ ငါးဖမ်းလှေနဲ့ လိုက်လာခဲ့ကြတယ်၊ စုစုပေါင်း ၇၅  ယောက်ရှိတယ်၊ လှေပေါ်မှာ ခိုက်ရန်ဖြစ်တာကြောင့် လှေသူကြီးက သူတို့ကို ကမ်းခြေတနေရာမှာ စွန့်ပစ်ထားခဲ့တယ်၊ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိပါဘူး၊ ကမ်းခြေတဝိုက်မှာ ၅ ရက်လောက် ခြေဦးတည့်ရာ လျှောက်သွားနေကြတယ်၊ ထမင်းလည်းမစားရတာကြောင့် ပင်ပန်း နွမ်းနယ် အားပျော့နေကြတာလို့ ဆိုပါတယ်။ 

နောက်ထပ်ထွက်ပြေးနေသူတွေ ၂၆ ယောက်လောက် ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပြီး လိုက်လံ ရှာဖွေနေကြတယ်။

အနီးနားတဝိုက်ကျေးရွာတွေမှာလည်း မျက်နှာစိမ်းတွေတွေ့ရင်၊ ပုန်းအောင်းနေတာတွေတွေ့ရင်  သက်ဆိုင်ရာကိုအကြောင်းကြားဖို့  လိုက်လံဆော်ဩထားပါတယ်။ အားလုံးဖမ်းဆီးရမိပြီးရင် လဝကဥပဒေနဲ့အရေးယူကာ နေရပ်ပြန်ပို့မယ်လို့  ထလန်မြို့နယ်မှူးက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့  ၂၀၂၄ ခုနှစ်ကလည်း ရိုဟင်ဂျာ ၁၀၀ ကျော် ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ထဲမှာ ဖမ်းဆီးရမိခဲ့ပြီး တကွါပါမြို့နယ်ထဲမှာ ၄၉ ယောက်နဲ့  ခူရပူရီမြို့နယ်ထဲမှာ ၇၉ ယောက်တို့ဖြစ်တယ် ၊  ၂၀၂၃ ခုနှစ်ကတော့ ရိုဟင်ဂျာ ၅၀၀ ကျော်ဖမ်းဆီးရမိခဲ့တယ်လို့   benarnews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: - ThaiPBS  /  benarnews

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024