ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ ရန်ကုန်-ဝါးခယ်မသွားလမ်း၊ ကြာဖြူရွာအနီးမှာ ဇန်နဝါရီ ၂၁ ရက် မနက် ၇ နာရီလောက်က မုန့်အနှစ်ပို့ကားနဲ့ စက်ဘီးတိုက်မိပြီး လူ ၁ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘက်စုံစုပေါင်းကွန်ရက်အသင်းဆီက သိရပါတယ်။
ရန်ကုန်ဘက်ကနေ မုန့်အနှစ်တွေ တင်ဆောင်မောင်းနှင်လာတဲ့ လိုက်ထရပ်ယာဉ်အမှတ် 9F-2683 ကားဟာ လမ်းအကွေ့မှာ ပြောင်းပြန်မောင်းမိပြီး စက်ဘီးစီးသူကို တိုက်မိတဲ့အပြင် ၁၅ ပေအနက်လောက်ရှိတဲ့ ချောက်ထဲ ထိုးကျခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကားက လက်ဝဲဘက်ကနေ လမ်းမှားပြီး တက်လိုက်တော့ မရမ်းချောင်ဘက်သွားမယ့် စက်ဘီးသမားကို လမ်းပြောင်းပြန်ဝင်ဆောင့်တာ။ ကားက မုန့်ဖတ်လုပ်တဲ့ အနှစ်တွေ သယ်လာတာ။ စက်ဘီးသမားက ကြာဖြူ-သဲကုန်းရွာသားပါ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သဲကုန်းရွာနေ စက်ဘီးစီး အသက် ၄၀ ဝန်းကျင် အမျိုးသားတယောက် ရရှိဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားသလို အသက် ၄၀ ကျော်အရွယ် ယာဉ်မောင်းမှာ ခြေထောက်၊ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ယာဉ်အကူမှာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ရုပ်အလောင်းကို အသင်းပိုင်ယာဉ်နဲ့ ဝါးခယ်မဆေးရုံကို ပို့ဆောင်ပေးထားပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပါတယ်။