ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် ငှက်ပျောချောင်းကျွန်းကြားကျေးရွာက ဒေသခံ ၂ ယောက်ကို ကြက်ခိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးနေတုန်း ၁ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာဒေသခံ ကိုအောင်မင်းသိန်းနဲ့ ကိုမျိုးဝင်းတို့ကို ကြက်ခိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ကျေးရွာအပိုင် နယ်ထိန်း စန်းနိုင်၊ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် ငှက်ပျောချောင်ကျွန်းကြားရဲစခန်းကိုပို့ဆောင်ခဲ့ပြီးနောက် ရဲစခန်းမှာစစ်ဆေးနေတုန်း အသက် ၃၀ အရွယ် ကိုအောင်မင်းသိန်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းနဲ့ နီးစပ်သူတယောက်က “ကြက်ခိုးစားတယ်ဆိုပြီး ဖမ်းဆီးသွားတာ။ ငှက်ပျောချောင်းကျွန်းကြားစခန်းမှူး စိုးကိုကို မြို့ပေါ်အစည်းဝေးသွားတက်နေတဲ့အချိန်မှာ ဒုတပ်ကြပ်အဆင့်ရှိတဲ့ အပိုင်နယ်ထိန်း စန်းနိုင်အပါအဝင် စခန်းကရဲတွေ ဝိုင်းထိုးကြိတ်ပြီး စစ်ဆေးလို့ သေဆုံးသွားတာ” လို့ DVB ကို ပြောပါတယ်။
နောက်နေ့မနက်မှာတော့ ကိုအောင်မင်းသိန်းကို ညကစစ်ဆေးရင်း လက်လွန်သေဆုံးသွားပြီဖြစ်လို့ အလောင်းကိုလာထုတ်ဖို့ ဖခင်ဖြစ်သူ ဦးကျော်ဆန်းကို အသိပေးအကြောင်းကြားခဲ့တာကြောင့် အလောင်းသွားယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျန်ရှိနေတဲ့ ကိုမျိုးဝင်းဆိုသူကိုတော့ စခန်းမှာဆက်လက် ဖမ်းဆီးထားပြီး နယ်ထိန်း စန်းနိုင်နဲ့အဖွဲ့က စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။