သီတင်းလေးပတ်ဆက်တိုက် ဈေးငြိမ်နေတဲ့ စားအုန်းဆီ ရည်ညွှန်းဈေးက ဇန်နဝါရီလ တတိယပတ်ထဲမှာတော့ အနည်းငယ် ပြန်ကျလာပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်ကစပြီး စားအုန်းဆီတပိဿာ ရည်ညွှန်းဈေးဟာ ငွေကျပ် ၇,၂၈၀ နဲ့ ဈေးငြိမ်နေခဲ့တာပါ။
အခုတပတ်မှာတော့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စားအုန်းဆီ အခြေခံ လက်ကားဈေးနှုန်းဟာ တပိဿာကို ၇,၂၅၅ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလို ထုတ်ပြန်ထားပေမဲ့ အပြင်ဈေးကွက်မှာတော့ စားအုန်းဆီက တပိဿာကို ၁,၂၀၀၀ ကျပ် ဝန်းကျင်ထိ ရှိနေပါတယ်။
ရန်ကုန်မြို့ခံ အိမ်ရှင်မတယောက်က “အသင်းဈေးနဲ့ ရောင်းပေးတာက တပတ်မှ ၅၀ သားပဲဆိုတော့ တချို့က မလောက်ကြဘူး။ အဲတော့ အပြင်မှာ မှောင်ခိုဈေးနဲ့ ဝယ်ကြတယ်။ အခု အပြင်ဈေးက ၁၂,၀၀၀ ပေါက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၄ အောက်တိုဘာလကစလို့ စားအုန်းဆီကို ဆီစာအုပ်နဲ့ ခွဲတမ်းချ ရောင်းချပေးနေတာဖြစ်ပြီး အိမ်ထောင်စုတစုကို တပတ်တခါ ၅၀ သားနဲ့ တလကို ၂ ပိဿာနှုန်းသာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
ဒါကြောင့် စားအုန်းဆီ လိုအပ်ချက်ရှိသူတွေက ဆီစာအုပ်နဲ့ ဝယ်သူတွေထံကနေ မှောင်ခိုဈေးနဲ့ ပြန်ဝယ်ယူနေရတဲ့ အခြေအနေ ဖြစ်နေတာပါ။
စစ်ကောင်စီ သတ်မှတ်ပေးတဲ့ စားအုန်းဆီ တပိဿာ ရည်ညွှန်းဈေးကတော့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ ကျပ် ၅,၀၀၀ ကျော် ရှိခဲ့ရာကနေ အခုနှစ် ဇန်နဝါရီလမှာ ငွေကျပ် ၇,၀၀၀ ကျော်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။
ပြည်တွင်းမှာ စားအုန်းဆီသုံးစွဲမှုက တနှစ်ကို တန်ချိန် ၁၀ သိန်းကျော်အထိ ရှိနေတာကြောင့် မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ နှစ်စဉ် ဝယ်ယူတင်သွင်းနေရတာပါ။
နိုင်ငံခြားငွေ ရှားပါးမှု ကြုံနေရတဲ့ စစ်ကောင်စီကတော့ နိုင်ငံခြားငွေယိုပေါက် လျော့ကျစေဖို့အတွက် ပြည်ပကနေ စားသုံးဆီတင်သွင်းမှုကို လျှော့ချခဲ့သလို တဖက်မှာလည်း ပြည်တွင်း ဆီထုတ်လုပ်မှု တိုးတက်အောင် အားပေးတဲ့အနေနဲ့ ဆီလုပ်ငန်းပိုင်ရှင်တွေကို ငွေထုတ်ချေးနေတာတွေ လုပ်နေပါတယ်။