Home
မြန်မာသတင်း
အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခ ၅ ဆကျော် မြင့်တက်
DVB
·
January 21, 2025

၂၀၂၅ တက္ကသိုလ်အဝေးသင်တန်းအပ်ခဟာ အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် အဝေးသင်တန်း အပ်ခတွေနဲ့ နှိုင်းယှဉ်ပါက ကျောင်းအပ်ခ ၅ ဆကျော် ဈေးတက်သွားတယ်လို့ တက္ကသိုလ်ပြေစာတွေကနေ သိရပါတယ်။

အရပ်သားအစိုးရလက်ထက် ၂၀၂၀ ပညာသင်နှစ်အတွက် အဝေးသင်တန်းအပ်နှံခဟာ သိပ္ပံဝိဇ္ဇာတွဲနဲ့ ပညာသင်နှစ်အလိုက် မြန်မာကျပ်ငွေ ၁၆,၀၀၀ ကျော်သာ ကျသင့်ပေမဲ့ စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ ၂၀၂၄ ပညာသင်နှစ်အတွက် အဝေးသင်တန်းအပ်နှံခဟာ ကျပ်ငွေ ၄၈,၀၀၀ ကျော်အထိ ဈေးတက်လာပါတယ်။

၂၀၂၅ အဝေးသင်တန်းအပ်ခကိုတော့ စစ်ကောင်စီလက်အောက်ခံ အဆင့်မြင့်ပညာဦးစီး၊ ပညာရေးဝန်ကြီးဌာနက အနိမ့်ဆုံး ကျပ်ငွေ ၈၆,၇၀၀ အထိ သတ်မှတ်ထားသလို ဒေသအလိုက် တက္ကသိုလ်တခုချင်းစီမှာ ကျပ် ၃,၀၀၀ လောက် ဈေးထပ်ကွာမယ်လို့ တွေ့ရပါတယ်။

ပြေစာစာရင်းတွေအရ ပညာသင်နှစ်အတွက် စာအုပ်ဖိုးနဲ့ စာမေးပွဲဝင်ကြေးဟာ ဈေးအများဆုံးဖြစ်နေတာ တွေ့ရပြီး ကျောင်းအပ်နှံချိန်မှာတော့ သတ်မှတ်နှုန်းထားထက် ကျပ်ငွေ ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြား ပိုကုန်နေတယ်လို့ အဝေးသင်အပ်နှံသူတယောက်က ပြောပါတယ်။

“မနှစ်ကအထိ ကျပ် ၅၀,၀၀၀ လောက်ပဲလို့ ပြောတယ်။ ဒီနှစ်က တသိန်းနီးပါးပဲ။ မနှစ်ကအထိ ကျောင်းသားရေးရာမှာ ကိုယ့်အချက်အလက်တွေ သွားပေးရင် ဟိုဟာဖိုး ဒီဟာဖိုးက ထပ်တောင်းသေးတယ်။ ဒီချလန်ထဲက မပါတဲ့ဖိုးတွေပါ ပေးရတာ။ ခုံနံပါတ်အဟောင်း ပြန်ရှာပေးရင် တယောက် ၁,၅၀၀ ထပ်ပေးရတယ်။ ပွဲစားတွေနဲ့ အပ်နေတဲ့သူတွေလည်း ရှိတယ်။ First Year (ပထမနှစ်) တွေကတော့ အပ်ထားလို့ ရနေပြီ။ ဒုတိယနှစ်တွေနဲ့အထက်က ၂ လပိုင်းထဲ ရောက်မှ စအပ်ရမှာ။”

ကျောင်းအပ်နှံခတွေ ဈေးတက်လာပေမဲ့ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရှောင် ပြည်တွင်းနေ လူငယ်တချို့ဟာ တက္ကသိုလ်ပြန်တက်လာကြသလို စစ်ကောင်စီရဲ့ အထက်တန်းကျောင်းတွေကနေ တက္ကသိုလ်ဝင်ခွင့် အောင်မြင်လာသူတွေဟာ အဆင့်မြင့်ပညာရေးအတွက် ကျောင်းအပ်လာကြပါတယ်။

၂၀၂၅ ပညာသင်နှစ်ကစလို့ သင်ရိုးအနည်းငယ်‌ ပြောင်းထားတာ‌ကြောင့် အရင်နှစ်တွေရဲ့ အဝေးသင်သုံးစာအုပ်တွေကို ပြန်သုံးခွင့်မရတော့ဘဲ ကျောင်းအပ်ချိန်တွေမှာ ပြေစာအတိုင်း စာအုပ်တွေကိုပါ ဈေးကြီးဝယ်ယူနေရတာ ဖြစ်ပါတယ်။

အာဏာသိမ်းခါစ CDM လှုပ်ရှားမှုတွေကြောင့် ၂၀၂၁၊ ၂၀၂၂ ပညာသင်နှစ်တွေမှာ အဝေးသင်အပ်နှံသူ တဘာသာကို ကျောင်းသား ၁၀၀ ကနေ ၂၀၀ ဝန်းကျင်ကြားသာ ရှိခဲ့ပေမဲ့ ၂၀၂၄ အဝေးသင်ပညာသင်နှစ်ကစလို့ ဒဂုံတက္ကသိုလ်မှာ အထူးပြုမေဂျာအလိုက် ပထမနှစ် အပ်သူတွေဟာ တဘာသာကို ၅၀၀ ကျော်အထိ ပြန်လည်ဖြစ်လာခဲ့တယ်လို့ တက္ကသိုလ်စာရေးမတယောက်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013