ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးနားတဝိုက်ဧရိယာတွေမှာ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး ရုံးပြင်ကန္နားတွေမှာလည်း WFH နေအိမ်ကသာ အလုပ်လုပ်ကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဘန်ကောက်နဲ့အနီးတဝိုက် ဧရိယာတွေမှာ ပြီးခဲ့တဲ့အပတ်ကတည်းက PM 2.5 မီးခိုးမြူတွေ သန်းနေပြီး ခုရက်ပိုင်း ပိုမိုဆိုးရွားလာကာ လိမ္မော်ရောင်အဆင့်ထက် ကျော်လွန်လာပြီ၊ နောက်လည်း ပိုတိုးလာမယ့်အခြေအနေရှိတာမို့ ၂၀၂၅ ဇန်နဝါရီ ၂၀ - ၂၁ ရက်တွေအတွင်း WFH (နေအိမ်ကနေအလုပ်လုပ်ဖို့) နဲ့ Safe Zone (အန္တရာယ်ကင်းဇုန်) ပြုလုပ်ထားခြင်းမရှိတဲ့ စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားဖို့ နှိုးဆော်ထားကြောင်း ဘန်ကောက်အုပ်ချုပ်ရးဌာန ပြောခွင်းရ နိုင်းဧကရ ဝမ်ယူ အမ်းရဘန်းက သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိ ဘန်ကောက်နဲ့အနီးတဝိုက် PM 2.5 မီးခိုးမြူ အန္တရာယ် လိမ္မော်ရောင်အဆင့်ရှိတဲ့ နယ်မြေပေါင်း ၃၅ ခုရှိတယ်၊ ၁ စတုရန်းကုဗမီတာလျှင် ၃၇ ဒဿမ ၆ နဲ့ ၇၅ မိုက်ခရိုဂရမ်ကြားရှိ နယ်မြေက ပညာသင်ကျောင်းတွေ၊ ရုံးတွေအနေနဲ့ အခြေအနေကိုကြည့်ပြီး တကြိမ် ၃ ရက်တာထိ ပိတ်ထားနိုင်တယ်၊ အခြေအနေမကောင်းသေးရင် ၇ ရက်ထက်မပို ပိတ်ထားနိုင်တယ်။
မီးခိုးမြူ ၁ စတုရန်းကုဗမီတာကို ၃၇ မိုက်ခရိုဂရမ်နဲ့ အထက် ၃ ရက်ဆက်တိုက် ဖြစ်ပေါ်နေရင် စာသင်ကျောင်းတွေ ၁၅ ရက်ထိ ပိတ်ထားနိုင်တယ်လို့ နိုင်းဧကရဝမ်ယူက ပြောပါတယ်။
လက်ရှိ ဘန်ကောက်နဲ့ အနီးတဝိုက်နယ်မြေတွေမှာ စာသင်ကျောင်း ၄ ကျောင်းပိတ်ထားရပြီး အဲဒီကျောင်းတွေကတော့ နောင်ခဲမ်၊ လတ်ပူရန၊ ခလောင်းဆာမ်ဝါး နယ်မြေရှိ ဝပ်ဥဒုမ်းရန်းဆီကျောင်း ၊ ပချားဘန်းရုန်း ၊ ဝပ်ပန်ပကောက် နဲ့ လတ်ပူရနစာသင်ကျောင်းတွေဖြစ်တယ်လို့ TNN သတင်းမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၁ ကနေ တပတ်အတွင်း ဘန်ကောက်၊ နွန်ထပူရီ၊ ပထုန်ဌာနီ စတဲ့ နယ်မြေတွေမှာ မီးခိုးမြူထူထဲမှု အနီရောင်အဆင့်ထိ ရောက်လာနိုင်ပြီး နောက်အပတ်ကျမှ ရာသီဥတုအခြေအနေကြောင့် တဖြည်းဖြည်းပြန်လျော့ပါးသွားမယ်၊ ဒါကြောင့် ဒေသတွင်းနေ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်ကြဖို့၊ မီးခိုးမြူလျှော့ချရေးအတွက် ကိုယ်ပိုင်ကားထက် အများနဲ့အတူပေါင်းစီးရတဲ့ ဘတ်စ်ကားတွေ၊ ရထားတွေစီးကြဖို့ သက်ဆိုင်ရာက တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
မီးခိုးမြူ လေထုညစ်ညမ်းမှုတွေဟာ ဘန်ကောက်ခရိုင်အနီးတဝိုက်တင်မကဘဲ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့ပိုင်းရှိ ခရိုင် ၅၀ ကျော်မှာ ဖြစ်ပေါ်မယ့် အခြေအနေတွေရှိတယ်လို့ ထိုင်းနိုင်ငံ မီးခိုးမြူမှုန်နဲ့ လေထုညစ်ညမ်းမှုစောင့်ကြည့်ရေးဗဟို ဌာနက ထုတ်ပြန်ထားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းက ဖော်ပြပါတယ်။
Source : prachachat / TNN / ThaiPBS