Home
နိုင်ငံတကာ
ထရမ့်ပ် ဝါရှင်တန်သို့ ရောက်ရှိ၊ မီးရှူးမီးပန်းပစ်ဖောက်မှုများ စတင်
DVB
·
January 19, 2025
Photo: REUTERS/Daniel Cole

အမေရိကန်သမ္မတအဖြစ် တကျော့ပြန်တာဝန်ယူတော့မယ့် ဒေါ်နယ်ထရမ့်ပ်ဟာ စနေနေ့ညပိုင်းမှာ ဝါရှင်တန်ဧရိယာကို ရောက်ရှိလာပြီး အောင်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းပစ်ဖောက်မှုတွေကို ကြည့်ရှုခဲ့ပါတယ်။

ထရမ့်ပ်ဟာ သမ္မတဘိုင်ဒင် စီစဉ်ပေးလိုက်တဲ့ လေတပ်လေယာဉ်နဲ့ ဖလော်ရီဒါကနေ ထွက်ခွာလာတာ ဖြစ်ပြီး၊ ဇနီးဖြစ်သူ မယ်လာနီယာ၊ သမီးဖြစ်သူ အီဗန်ကာနဲ့ သမက်ဖြစ်သူ ဂျရက် ကုရှ်နာတို့လည်း အတူလိုက်ပါလာပါတယ်။

ဗာဂျီးနီးယားဆင်ခြေဖုံး ဒါးလက်စ်လေဆိပ်ကို ရောက်ရှိလာဖြစ်ပြီး ဝါရှင်တန်မြို့ပြင်မှာရှိတဲ့ စတာလင်းက သူ့ဂေါက်ကွင်းကို အရင်သွားတာ ဖြစ်ပါတယ်။ 

အဲလ်ဗစ်ပရက်စ်လေလို သရုပ်ဆောင်သူ လီယိုဒေးစ်က ထရမ့်ပ်နဲ့ဇနီးကို ဖျော်ဖြေခဲ့ပြီး ဧည့်သည် ၅၀၀ နဲ့အတူ မီးရှူးမီးပန်းပစ်ဖောက်မှုတွေကို ကြည့်ရှုခဲ့ပါတယ်။ 

တနင်္ဂနွေနေ့မှာတော့ ဝါရှင်တန်မြို့လယ် ကက်ပီတယ်ဝမ်း မိုးလုံလေလုံကွင်းကြီးထဲမှာ ထောက်ခံသူတွေနဲ့ စုဝေးပွဲကျင်းပမှာဖြစ်ပြီး တနင်္လာနေ့ညနေပိုင်း ကျမ်းကျိန်ပြီးရင်လည်း နောက်တပွဲ ထပ်လုပ်မှာဖြစ်ပါတယ်။ 

ရာသီဥတု ဆိုးရွားမှုကြောင့် ကျမ်းကျိန်ပွဲကို အစဉ်အလာလုပ်နေကျ အမေရိကန် လွှတ်တော်အဆောက်အအုံ ကက်ပီတယ်လ်ရဲ့ အနောက်ဘက်စွန်းလေဟာပြင်မှာ မကျင်းပတော့ဘဲ ကက်ပီတယ်အမိုးခုံးကြီးထဲမှာ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီနောက်မှာ ပင်ဆီလ်ဗေးနီးယားရိပ်သာလမ်းအတိုင်း ကက်ပီတယ်ဝမ်းကွင်းကြီးထဲကို ချီတက်မှာ ဖြစ်ပါတယ်။  

ကျမ်းကျိန်ပွဲကို နေ့လယ် ၁၂ နာရီတိတိမှာ ပြုလုပ်မှာဖြစ်ပြီး ဒါဟာ ၁၉၈၅ ခုနှစ်က ရော်နယ်ရေဂင် ရဲ့ ဒုတိယသက်တမ်း ကျမ်းကျိန်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် အဆောက်အအုံတွင်းမှာ ကျင်းပတာ ဖြစ်ပါတယ်။ 

လက်မှတ်ယူထားတဲ့ ပရိသတ် ၂၂၀,၀၀၀ မှာ အများစုဟာ ကျမ်းကျိန်ပွဲကို ကြည့်ရှုခွင့်ရတော့မှာ မဟုတ်ဘဲ လူ ၂၀,၀၀၀ ပဲ ဆံ့တဲ့ ကက်ပီတယ်လ်ဝမ်း ကွင်းကြီးထဲမှာတော့ တချို့တွေဟာ ကျမ်းကျိန်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ ဖျော်ဖြေမှုတွေ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။ 

ဒါဟာ ၂၀၁၇ ကနေ ၂၀၂၁ အထိ ပထမသက်တမ်း သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ထရမ့်ပ်ရဲ့ ဒုတိယအကြိမ် သမ္မတတာဝန်ထမ်းဆောင်မှုလည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013