
တရုတ်နိုင်ငံဟာ သူ့နိုင်ငံသားတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် တယ်လီကွန်းမ်နဲ့ အွန်လိုင်းလိမ်လည်မှု၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို အခိုင်အမာ တိုက်ဖျက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကွိုကျားခန်က ပေကျင်း ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြည်ပရောက် တရုတ်နိုင်ငံသားတွေကိုလည်း ဒေသတွင်း ဥပဒေနဲ့ စည်းမျဥ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာစေပြီး တရားမဝင်နဲ့ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို့လည်း အမြဲတမ်း တိုက်တွန်းထားပါတယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီ ၁၆ ရက်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ပေကျင်းမြို့မှာ အာဆီယံ ၁၀ နိုင်ငံက သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ အွန်လိုင်းလိမ်လည်မှုတွေဟာ တရုတ်နဲ့ တခြားနိုင်ငံတွေမှ နိုင်ငံသားတွေရဲ့ အရေးကြီးတဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်ခံနေရပြီး သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ယူဖို့ မျှော်လင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောသွားပါတယ်။
ဒီရာဇဝတ်မှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့၊ လူတွေရဲ့ လုံခြုံရေးနဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ဖို့အတွက် ရာဇ၀တ်ကောင်တွေကို ပြစ်ဒဏ်ကို လုံးဝရှောင်လွှဲခွင့် မပြုဘူးလို့ ကွိုကျားခန်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးမီက သက်ဆိုင်ရာနိုင်ငံတွေနဲ့ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရာဇ၀တ်ဂိုဏ်း အများအပြားကို ဖျက်သိမ်းခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေဖို့နဲ့ တယ်လီကွန်း လိမ်လည်မှု၊ အွန်လိုင်း လောင်းကစားနဲ့ လူကုန်ကူးမှု အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့ ကတိပြုထားကြောင်းနဲ့ နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့အတွက် သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို ကျွမ်းကျင်အာဏာပိုင်တွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Source: Reuters