ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက စစ်ရှောင်တွေဟာ အခုနှစ်မှာ အအေးပိုလာလို့ လေဖြတ်တာ၊ ငန်းဖမ်းတာ၊ အော့အန်တာ၊ ဝမ်းလျှောဝမ်းပျက်ဖြစ်တာများနေတယ်လို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။
အခု ဇန်နဝါရီလပထမပတ်ကစလို့ ကလေး၊ လူငယ်၊ လူကြီး အသက်အရွယ်မရွေးဖြစ်ပွားနေပြီး စစ်ရှောင်ဦးရေရဲ့ သုံးပုံနှစ်ပုံလောက် ရောဂါဖြစ်ကြတာလို့ သိရပါတယ်။
စစ်ရှောင်အရေးကူညီနေသူတတယောက်က “စောင်အရမ်းလိုအပ်နေတယ်။ စောင်တွေမရှိဘူး တောင်ကြီးနဲ့ အနီးတဝိုက်ဆို စောင်နည်းနည်းနဲ့ပဲအိပ်နေရတာ။ မိုးကာထဲလည်းနေနေရတော့ အရမ်းအေးတယ်။ သက်ကြီးတချို့ဆိုအရမ်းအေးတော့ ငန်းဖမ်းတာတို့၊ ပါးစပ်ရွဲ့သွားတာတို့၊ စကားမပီတော့တာတို့ ဖြစ်သွားတယ်။ လေဖြတ်တဲ့သူလည်းရှိတယ်။ ကျမ ဆန်လာလှူတော့ သူတို့တွေငိုပြတာ၊ ကျမလည်း ဘာမှမလုပ်နိုင်တော့လို့ တူတူပဲ ငိုခဲ့လိုက်ရတယ်။ အလှူရှင်ရှိရင် လှူပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်လူဦးရေ ၆၅,၀၀၀ နဲ့အထက်ရှိနေပြီး စောင်၊ မိုးကာ၊ စားနပ်ရိက္ခာ စတဲ့ အကူအညီတွေလိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူက ပြောပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူ ဆရာမနန်းလီလီက “စစ်ဘေးရှောင် အကူအညီလိုအပ်မှု လို့ပြောရင် တစုံလုံး လိုအပ်တဲ့အခြေအနေရှိတယ်ပေါ့လေ။ ရှမ်းတောင်မှာဆိုရင် ခုက အကူအညီ သိပ်မရောက်တော့ဘူး။ အကူအညီ မရောက်တာလည်းကြာပြီ။ ဆိုတော့ စစ်ဘေးရှောင်ကို ကြည့်တဲ့နေရာမှာ နှစ်ပိုင်းခွဲပြီးကြည့်လို့ရတယ်။ စုပြီးတော့ Camp မှာ နေထိုင်တဲ့ စစ်ရှောင်ရှိတယ်။ နီးစပ်ရာခြံဘက် တောင်ယာဘက်မှာ ရှောင်နေတဲ့သူ အများကြီးရှိတယ်။ Camp မှာ၊ ဘုန်းကြီးကျောင်းမှာစုပြီး နေထိုင်တဲ့စစ်ရှောင်တော့ အကူအညီ အနည်းအကျဉ်းရပေမယ့် တောဘက် ခြံဘက်ရှောင်တဲ့သူတွေတော့ အကူအညီမရတာ ၄၊ ၅၊ ၆ လနဲ့ အထက်ရှိပြီ။ စားနပ်ရိက္ခာတို့၊ ရေသန့်ရှင်းမှုရရှိဖို့တို့၊ နောက်ပြီး ကျန်းမာရေးအကူအညီတို့ ဒီလိုမျိုးဆောင်းရာသီတော့ အဝတ်အစားတို့၊ စောင်တို့ အများကြီးလိုအပ်နေတဲ့ အခြေအနေရှိတယ်” လို့ပြောပါတယ်။
အခုတပတ်အတွင်း ရှမ်းပြည်တောင်ပိုင်းမှာ မြေပြင်စစ်ရေးတင်းမာတာ တိုက်ပွဲဖြစ်တာတွေကြောင့် စစ်ရှောင်ဦးရေလည်း အများကြီးတိုးလာတယ်လို့လည်း ဆက်ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ရှမ်းတောင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀၀၊ လက်နက်ကြီးပစ်ခတ်မှု ၅၁၆၉ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂၁ ကြိမ်ရှိပြီး အရပ်သား ၁၂၉ ယောက် သေဆုံး၊ ၁၈၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဇန်နဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။