နာမည်ကြီး ဝါရင့် အမျိုးသား အဆိုတော်တယောက်ဖြစ်တဲ့ တူးတူးရဲ့ တော်လှန်မွေးနေ့ ဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
“တော်လှန်ဂီတ မွေးနေ့ည” လို့ အမည်ပေးထားတဲ့ ဒီပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ထ်ဝိန်းမြို့မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အဆိုတော် တူးတူးက “ချစ်ခင်တန်ဖိုးထားရတဲ့ပရိသတ်များနဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံး မင်္ဂလာရှိတဲ့ နေ့လေး ဖြစ်ပါစေခင်ဗျ။ US မှာကျနော့်ရဲ့ပွဲဦးထွက်သီဆိုမယ့် Show ပွဲအကြောင်းလေး ပြောပြချင်ပါတယ်။ ပွဲကိုကျနော့်မွေးနေ့ ဖြစ်တဲ့ January ၃၀ ရက်တည့်တည့်မှာ လုပ်ချင်ပေမဲ့ ၃၀ ရက်က ကြားရက်ဖြစ်နေလို့ February ၁ ရက်နေ့ Fort Wayne, Indiana မှာ ပရိသတ်တွေနဲ့ဆုံပြီး ကျနော့်ရဲ့ သီချင်းလေးတွေရော စိတ်ခွန်အားဖြစ် စေမယ့် သီချင်းလေးတွေရော သီဆိုပြမှာဖြစ်လို့ လာရောက်ဝန်းရံပြီး အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေ”လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ဖိတ်ခေါ်ထားပါတယ်။
အဆိုတော် တူးတူးကတော့ ဂီတလောကမှာ အချိန်ဆယ်စုနှစ်ပေါင်းများစွာ ပရိသတ်အားပေးမှုနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ဝါရင့်အဆိုတော်တယောက်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေက နေ ခုချိန်တိုင်အောင် မိဆိုး၊ မျက်သွယ်၊ ကေသရီ၊ သူ၊ သိပ်ရက်စက်တယ်၊ အမုန်းမျက်လုံးစတဲ့ သူ့ရဲ့ သီချင်းတွေဟာ အထူးအောင်မြင် ရေပန်းစားခဲ့တာပါ။
တူးတူးဟာ ၁၉၈၄ ခုနှစ်က စတင်ပြီးတော့ ဂီတလောကထဲကို ဝင်ရောက်ခဲ့ကာ အဆင်သင့်ပဲဟေ့၊ မိဆိုး၊ သူ၊ အကြင်နာအကြည့်တွေရဲ့ အကြောင်း၊ ဥပေက္ခာချစ်၊ ရင်ခွင်အို သစ်၊ ရော့ခ်အက်ဆစ်ချို၊ တခြမ်းပဲ့အသည်းနဲ့ ပြဿနာမရှိဘူးစတဲ့ တကိုယ်တော်တေး အယ်လ်ဘမ်တွေ ထွက်ရှိခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကတော့ သူ့ရဲ့ အသက် ၅ဝပြည့် တကိုယ်တော် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါသေးတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလမှာတော့ အဆိုတော် တူးတူးအပါအဝင် ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ အနုပညာရှင်တွေ အများအပြားကို အာဏာသိမ်း စစ်အုပ်စုက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့တာကြောင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
အခုကျင်းပမယ့် သူ့ရဲ့ အသက် ၆၀ ပြည့် တော်လှန်ဂီတဖျော်ဖြေပွဲမှာတော့ The Trees တေးဂီတအဖွဲ့က ကိုမင်းဦးကလည်း လာရောက်အားဖြည့်တီးခတ်ပေးမှာဖြစ်ပြီး ကချင် အမျိုးသမီး အဆိုတော် ကော့မိုင် ကလည်း ပူးပေါင်းပါဝင်သီဆိုမှာဖြစ်လို့ အနီးအနား မြို့တွေက ပရိသတ်တွေပါ လာရောက်အားပေးကြည့်ရှုကြဖို့ အဆိုတော် တူးတူးက ဖိတ် ခေါ်ထားပါတယ်။
ပွဲလက်မှတ်ခ ဈေးနှုန်းတွေအနေနဲ့ လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀ နဲ့ ၃၀ စီ အသီးသီး သတ်မှတ်ထားပြီးတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းတာဝန်ခံ တွေကတဆင့် ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။