
စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီဝန်ထမ်းတွေ နိုင်ငံအပေါ် သစ္စာရှိကြဖို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောတဲ့အကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ဇန်နဝါရီ ၁၄ ရက်က ရေးသားပါတယ်။
စစ်ကောင်စီရဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်က လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ သာသနာရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ တွေ့စဥ်မှာ အခုလို ပြောကြားခဲ့တာလို့ ဦးလှသိန်းက ရေးထားပါတယ်။
ဒါ့အပြင် ဝန်ထမ်းတွေဟာ တိုင်းပြည်အကျိုးအတွက် တာဝန်တွေကို ဦးလည်မသုန် ဆောင်ရွက်နေသူတွေ ဖြစ်တဲ့အတွက် အသိအမှတ်ပြုတယ်လို့လည်း ဦးထိန်လင်းက ပြောကြားခဲ့ ပါတယ်။
စစ်ကောင်စီဟာ ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ စစ်ရေးခြိမ်းခြောက်ခံနေရတာကြောင့် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုရှိနေသေးတယ်ဆိုတာကို ဝါဒဖြန့်ခြင်းသာဖြစ်တယ်လို့ ရခိုင် စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“ပြည်နယ်စစ်ကောင်စီက ၅ လနေမှ တကြိမ်ပေါ်လို ဖြစ်နေပြီ။ သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားကလည်း မြို့ ၃ မြို့လောက်ပဲ ကွက်ကွက်ကလေး ရှိတော့တယ်။ အခု စစ်တွေမြို့မှာလည်း စစ်ရေးအရ ခြိမ်းခြောက်ခံနေရတာကြောင့် စစ်တွေမှာ သူတို့အုပ်ချုပ်ရေးယန္တရား ရှိနေသေးတယ်ဆိုတာကို ပြသချင်တဲ့ သဘောပေါ့။ စစ်တွေမှာ ရှိနေတဲ့ သူတို့အစိုးရအဖွဲ့တောင် မလုံခြုံတဲ့ အခြေအနေမှာ ဒီလိုလုပ်ပြတာက ဝါဒဖြန့်သက်သက်သာ ဖြစ်တယ်။”
စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ ဝန်ထမ်းတွေ သက်သာချောင်ချိစွာ စားသောက်နိုင်ရေးအတွက် ကုန်သင်္ဘောတွေနဲ့ ကုန်စည်ပို့ဆောင်မှုတွေကိုလည်း လတိုင်းလိုလို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
စစ်တွေမြို့က စစ်ကောင်စီဝန်ထမ်းအများစုဟာ ရခိုင်တိုက်ပွဲစတင်ကတည်းက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ပြည်မဘက်ကို ထွက်ပြေးနေကြတာဖြစ်ပြီး စစ်တွေမြို့တွင်းမှာ အနည်းငယ်သာကျန်ရှိတော့တယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
ရခိုင်တိုက်ပွဲ တနှစ်ကျော်ကာလမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။