ဂျာမနီနိုင်ငံမှာ ပထမဆုံးအနေနဲ့ တိရစ္ဆာန်တွေကြား ပြန့်ပွားနေတဲ့ ခွာနာလျှာနာရောဂါကို အတည်ပြုပြီးတဲ့နောက် နိုင်ငံရဲ့ အသားနဲ့ နို့ထွက်ပစ္စည်း တင်ပို့မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဥရောပသမဂ္ဂ (EU) ပြင်ပ တင်ပို့ရာမှာ ပြင်းထန်တဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ နိုင်ငံရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ဂျာမနီ အာဏာပိုင်တွေက ဘာလင်မြို့စွန်က ကျွဲအုပ်တွေထဲမှာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း နိုင်ငံရဲ့ ပထမဆုံး ခွာနာလျှာနာရောဂါ ဖြစ်နေကြတယ်လို့ အတည်ပြုခဲ့ပါတယ်။
ခွာနာလျှာနာရောဂါဟာ ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ သိုးတို့လို ခွာရှိတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကြားမှာ အဖျားနဲ့ ခံတွင်း အဖုအပိမ့်တွေ ဖြစ်စေပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ဒီလိုကူးစက်မှုကို အမြစ်ပြတ်ချေမှုန်းဖို့ အကြီးအကျယ် သတ်ဖြတ်ရှင်းလင်းလေ့ ရှိပါတယ်။
လူကို အန္တရာယ်မရှိစေတဲ့ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ အစီအမံတွေကို အကောင်အထည်ဖော်နေပြီလို့ ဂျာမန်အာဏာပိုင်တွေက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
ဘာလင်မြို့ ဆင်ခြေဖုံးက ကျွဲမွေးမြူရေးစခန်းနားက အသေးစား တိရစ္ဆာန်ရုံမှာရှိတဲ့ ဆိတ်နဲ့ သိုးအများအပြားကိုလည်း တနင်္လာနေ့နှောင်းပိုင်းမှာ တရားဝင်အမိန့်နဲ့ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။
ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်တွေအောက်မှာ ခွာနာလျှာနာရောဂါ ကင်းစင်တဲ့ ဂျာမနီရဲ့ အဆင့်အတန်း ဆုံးရှုံးခြင်းဟာ EU ပြင်ပ အသားနဲ့ နို့ထွက်ပစ္စည်း တင်ပို့မှုအတွက် တိရစ္ဆာန်ဆေးကုသရေး လက်မှတ်တွေကို အများကြီး ထုတ်ပေးနိုင်တော့မှာ မဟုတ်ဘူးလို့ ဂျာမနီပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါကြောင့် နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားနဲ့ အသားထွက်ပစ္စည်းတွေ၊ အရေခွံနဲ့ သွေးအခြေပြု ထုတ်ကုန်တွေ တင်ပို့ဖို့က “လောလောဆယ် မဖြစ်နိုင်သလောက် နည်းပါးနေပြီ” လို့ ဝန်ကြီးဌာနက ပြောပါတယ်။
“တတိယနိုင်ငံတွေက ဂျာမနီနိုင်ငံက ခုလို ကုန်ပစ္စည်းတွေကို ချက်ချင်းပိတ်မယ်လို့ ယူဆထားတယ်” လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
ချက်ချင်း ရည်မှန်းချက်က ရောဂါမပြန့်ပွားစေဖို့ဘဲလို့ ဂျာမန်စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။
လက်ရှိ စည်းမျဉ်းတွေကြောင့် ရောဂါဒဏ်ကို တိုက်ရိုက်ခံစားရတဲ့ EU နိုင်ငံရဲ့ ဒေသကနေသာ အသားတင်ပို့မှုကို ရပ်ဖို့လိုတာဖြစ်လို့ EU ဆီ ဂျာမန်အသားတင်ပို့မှုတွေ ဆက်ရှိနေနိုင်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
မက္ကဆီကိုနဲ့ တောင်ကိုရီးယား အပါအဝင် နိုင်ငံတချို့က ဂျာမနီကနေ အသားတင်သွင်းမှုကို ကန့်သတ်ထားတယ်လို့ ဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘာလင်မှာ ပြောပါတယ်။
ဒီရောဂါဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက၊ အာရှနိုင်ငံတချို့နဲ့ တောင်အမေရိကတို့မှာ ပုံမှန်ဖြစ်ပွားလေ့ ရှိပါတယ်။
Source : Reuters