ဂျာမနီနိုင်ငံ ခရစ္စမတ်ဈေးတခုမှာ လူအုပ်ထဲ ကားနဲ့တိုက်သတ်တဲ့ ဆော်ဒီနိုင်ငံသားကို လူသတ်မှု၊ လူသတ်ရန် ကြံစည်မှု အများအပြားနဲ့ စွဲချက်တင်လိုက်ပြီလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လူ ၅ ယောက် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရစေခဲ့တဲ့ တိုက်ခိုက်မှု ကျူးလွန်ခဲ့သူဟာ ဆော်ဒီနိုင်ငံသား အသက် ၅၀ အရွယ် စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး ဂျာမနီမှာနေတာ အနှစ် ၂၀ နီးပါးရှိပြီ ဖြစ်ပါတယ်။
ထူးခြားချက်က ဒီပုဂ္ဂိုလ် အစ္စလာမ်ဘာသာဝင်အဖြစ်ကို စွန့်လွှတ်ထားသူလို့ ကြေညာထားသူ ဖြစ်ပြီး အစ္စလာမ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေလုပ်ခဲ့သူ ဖြစ်ပါတယ်။
တာလက်ဘ် အယ်လ် အဗ္ဗဒူလ်မိုဆန်ကို မက်ဂ်ဒါဘာ့ဂ်မြို့မှာ အခင်းဖြစ်ပွားတဲ့ သောကြာနေ့မှာပဲ ဖမ်းဆီးခဲ့ပြီး တယောက်တည်း ကျူးလွန်ခဲ့တာလို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
သူဟာ ဆော်ဒီနဲ့ အခြားပင်လယ်ကွေ့နိုင်ငံတွေက ဖိနှိပ်တဲ့ အစိုးရတွေလက်က ထွက်ပြေးချင်သူတွေအတွက် အွန်လိုင်းက အကြံပေးတဲ့ wearesaudis.net ကို ထူထောင်ထားသူလည်း ဖြစ်ပါတယ်။
မူလက ဂျာမနီနိုင်ငံကို အထူးကျေးဇူးတင်သူ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဂျာမနီနဲ့ ဂျာမနီရဲ့ ရွှေ့ပြောင်းမူဝါဒတွေအပေါ် မကျေနပ်ကြောင်း တောက်လျှောက်ဝေဖန်သူ ဖြစ်လာပါတယ်။
၂၀၁၅ မှာ ဂျာမနီဟာ အရှေ့အလယ်ပိုင်းက ဒုက္ခသည် ၁ သန်းနီးပါး လက်ခံပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ နယ်စပ်ထိန်းချုပ်မှုကို ပြန်လည်တင်းကျပ်ခဲ့ပါတယ်။
အဗ္ဗဒူလ်မိုဆန်ဟာ အစ္စလာမ်ဘာသာကို စွန့်လွှတ်ကြောင်း လူမှုကွန်ရက်မှာ အတိအလင်း ကြေညာခဲ့သူဖြစ်ပြီး လက်ယာစွန်း Alternative for Germany (AfD) ရဲ့ ရပ်တည်ချက်ကို စာနာကြောင်း ပြောခဲ့သလို ဂျာမနီတာဝန်ရှိသူတွေဟာ တိုင်းပြည်ကို အစ္စလာမ်ဘာသာရေး လွှမ်းမိုးအောင် လုပ်နေတယ်လို့ပါ စွပ်စွဲခဲ့ပါတယ်။
သူဟာ CNN၊ BBC အပါအဝင် မီဒီယာတွေနဲ့ပါ ဆက်သွယ်ပြီး ဆော်ဒီနိုင်ငံတွင်းက ခိုလှုံဖို့ ကြိုးစားသူတွေကို ကူညီပေးနေတဲ့ လှုပ်ရှားမှုတွေအကြောင်း အင်တာဗျူးလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အခြေအနေက ပုံမှန်မဟုတ်တော့ဘဲ မခိုင်လုံတဲ့ သတင်းတွေ၊ ရန်လိုတဲ့ မက်ဆေ့ဂျ်တွေ ပို့တဲ့အတွက် ဆက်သွယ်မှုရပ်ဆိုင်းခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
ဂျာမနီက စစ်ဖြစ်ချင်ရင် ချမှာဖြစ်ကြောင်း၊ ဂျာမနီက ကျုပ်တို့ကိုသတ်ချင်ရင် ကျုပ်တို့က သူတို့ကို သတ်မယ်၊ သေမယ်၊ ဂုဏ်ယူစွာနဲ့ ထောင်ထဲသွားမှာဖြစ်ကြောင်း ဒီပုဂ္ဂိုလ်က ဩဂုတ်လတုန်းက လူမှုကွန်ရက် X မှာ ပို့စ်တင်ခဲ့ပါတယ်။ မေလတုန်းကလည်း အလားတူစာသားမျိုးတွေ ရေးတင်ခဲ့ပါတယ်။
အဗ္ဗဒူလ်မိုဆန်ဟာ မက်ဂါဒါဘာ့ဂ်မြို့နဲ့ ၂၅ မိုင်အကွာ ဘာန်းဘာ့ဂ်မြို့မှာ စိတ်ရောဂါကု ဆရာဝန်အဖြစ် လုပ်ခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးစွဲတဲ့ ထောင်သားတွေအတွက် စိတ်ရောဂါအထူးကုအဖြစ် ၂၀၂၀ မတ်လတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပေမဲ့ ၂၀၂၄ အောက်တိုဘာမှာတော့ ခွင့်ယူတာရယ်၊ ကျန်းမာရေးရယ်ကြောင့် ဆက်မလုပ်တော့ဘူးလို့ ဆိုပါတယ်။
ဆော်ဒီနဲ့ အခြားဖိနှိပ်တဲ့နိုင်ငံတွေက ထွက်ပြေးတဲ့ အမျိုးသမီးတွေကို ကူညီပေးတဲ့ ဘာသာမဲ့ ဒုက္ခသည်ကယ်ဆယ်ရေး (Atheist Refugee Relief) ဆိုတဲ့ ဂျာမန်အန်ဂျီအိုနဲ့ ပတ်သက်ပြီး မကျေနပ်ကြောင်းတွေ အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။
ခိုလှုံချင်တဲ့ အမျိုးသမီးတွေ အစ္စလာမ်ဘာသာကို စွန့်လွှတ်ပါတယ်လို့ သူက အတင်းအကျပ် ပြောခိုင်းတယ်လို့ အဲဒီအဖွဲ့က သူ့ကို စွပ်စွဲတယ်လို့လည်း ဆိုပါတယ်။
ဆော်ဒီအာဏာပိုင်တွေက ဒီပုဂ္ဂိုလ်ဟာ အစွန်းရောက်ဖြစ်ကြောင်း ဂျာမနီကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး ပြန်ပို့ဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီပုဂ္ဂိုလ်ရဲ့ လုံခြုံရေး စိုးရိမ်ရလို့ ဂျာမနီဘက်က ပြန်ပို့ဖို့ ငြင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီထောက်လှမ်းရေး အပါအဝင် တာဝန်ရှိသူတွေကို ဆော်ဒီဘက်က ၄ ကြိမ်တိတိ လှမ်းသတိပေးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ အတိုက်အခံတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးရှိတဲ့ ဆော်ဒီရဲ့ သတိပေးမှု၊ အကြောင်းကြားမှုတွေကို ဂျာမနီဘက်က မတုံ့ပြန်ခဲ့ပါဘူး။
ဂျာမနီ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ပြည်ထောင်စုရုံးကတော့ သူတို့ရုံးက အဗ္ဗဒူလ်မိုဆန်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ပေမဲ့ အရေးယူခဲ့တာ မရှိခဲ့ဘူးလို့ အတည်ပြုပါတယ်။
ဒီပုဂ္ဂိုလ်ဟာ အင်တာနက်မှာ ပို့စ်တွေ အများကြီးတင်သလို အာဏာပိုင်တွေနဲ့ ဆက်သွယ်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေ ရှိခဲ့ပေမဲ့ အရင်က အကြမ်းဖက်လုပ်ရပ်မျိုး လုပ်တာ မရှိခဲ့ဘူးလို့ ပြစ်မှုဆိုင်ရာရုံးက တုံ့ပြန်ပါတယ်။
Source: Reuters