Home
ဆောင်းပါး
အညာဒေသက ရေအသက်တမနက်အတွက် ရုန်းကန်နေရသူများ
DVB
·
January 14, 2025

မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှာ စစ်ကောင်စီတပ်တွေက ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရေအရင်းမြစ်တွေထွက်ရှိရာ ရေတွင်း ရေကန်တွေကိုပါ ဖျက်ဆီးပစ်လို့ ဒေသခံတွေဟာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

အထူးသဖြင့် တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို့ ၃ နှစ်အတွင်း နေအိမ်ပေါင်း တသိန်းကျော်လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံတွေအတွက် နေ့စဉ် မဖြစ်မနေလိုအပ်တဲ့ ရေအရင်းမြစ်တွေရှိရာ ရေတွင်းရေကန်တွေကိုပါ သုံးမရအောင် မီးရှို့ဖျက်ဆီးပစ်ခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာတရွာကနေ စစ်ရှောင်နေတဲ့ အသက် ၇၀ ကျော် အဘွားအိုက “ဒုက္ခရောက်တာကတော့ အကုန်ဒုက္ခရောက်တာပဲ။ သွားရေးလာရေး စာရေးသောက်ရေးအပြင် ရေကအစ သောက်စရာမရှိ ဖြစ်နေတာ။ ကိုယ့်တွင်းတွေကိုရော ဘုံဘိုင်တွေကိုပါ မီးရှို့သွားလို့ ရေကို ရှိတဲ့နေရာသွားပြီး ရှာသောက်နေရတယ်။ သူတို့ကြောက်လို့ တမိုင်လောက်ဝေးတဲ့ တောထဲ သွားပို့ထားတဲ့ စပါးအိတ်တွေ အဝတ်ထုပ်တွေပါ မီးရှို့သွားတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းနဲ့ မကွေးဒေသတွေဟာ ပုံမှန်ဆိုရင် နွေရာသီကာလတွေမှာ ရေတွင်းရေကန်တွေ ခန်းခြောက်ပြီး သောက်သုံးရေရှားပါးမှုတွေကို ဒေသခံပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ဘေးစစ်ဒဏ်ကြား အသက်ဘေး လွတ်အောင်ပြေးရတဲ့ အခြေအနေအပြင် ရေအသက် တမနက်အတွက် ထပ်ပြီး ရုန်းကန်ကြရပါတော့တယ်။

အဲဒီအထဲ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျေးရွာတွေဟာဆိုရင်လည်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေ ခံခဲ့ရသလို အခုချိန်ထိ မီးရှို့ခံရတဲ့နေအိမ်တွေကို ပြန်လည်ထူထောင်နိုင်ခြင်း မရှိကြသေးလို့ သန့်ရှင်းတဲ့ရေရဖို့ ခက်ခက်ခဲခဲ ရှာဖွေနေရပါတယ်။

ကနီဒေသခံ ကိုခိုင်ဝင်းက “အာဏာသိမ်းပြီးနောက် ကျေးရွာတွေ စစ်ရှောင်ကြရ၊ မီးရှို့ဖျက်ဆီးခံရတဲ့ ရေတိုင်တွေကနေ ရေပြန်ရအောင် ကြိုးစားရတာတွေရှိတယ်။ စစ်တပ်ဝင်မွှေတော့ ရေတိုင်တွေ ရိုက်ချိုးသွားတာ။ မီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေမှာ ရေအခက်အခဲ ကြုံရတာတွေရှိတယ်။ စစ်ဘေးတွေ ရှောင်ရလို့ လျှပ်စစ်မီးပျက်ရင်လည်း ရေအခက်အခဲရှိတယ်။ စစ်ကြောင်းထိုးတဲ့အခါတွေမှာ ရေကခက်ခဲတယ်။ အဲ့လိုရက်တွေမှာဆို သောက်ဖို့ပဲ သယ်သွားနိုင်တယ်။ ရေချိုးဖို့နဲ့ တခြားရေသုံးဖို့က မရှိဘူး။ မသေအောင်လည်း ဗုံးခိုကျင်းတွေမှာ ပုန်းနေကြရတာကိုး။ ထမင်းမစားရတဲ့ ရက်တွေမှာတောင် ရေပဲသောက်ပြီး နေခဲ့ရတဲ့ရက်တွေ အင်မတန်မှများတယ်” လို့ ပြောပါတယ်။

ဒီရွာတွေကိုတော့ စစ်တပ် အာဏာမသိမ်းခင် အရပ်သားအစိုးရ NLD လက်ထက်မှာ ရေတွင်းရေကန် တူးပေးတာတွေ ရှိခဲ့သလို လျှပ်စစ်မီးရရှိတဲ့ အချိန်တွေမှာလည်း ကိုယ်ထူကိုယ်ထ ရေရဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။

နွေအခါ ရေခက်ပေမဲ့ ကိုယ်ထူကိုယ်ထ ရုန်းကန်မှုတွေ၊ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ ပူပြင်းခြောက်သွေ့တဲ့ နွေကို ဖြတ်သန်းခဲ့ကြပေမဲ့ စစ်အာဏာသိမ်းမှုအောက်မှာတော့ အခြေအနေတွေအားလုံး ပြောင်းလဲခဲ့ကြပါပြီ။

နီးစပ်ရာကျေးရွာတွေကနေ ရေတခါသယ်နိုင်ဖို့ ငွေကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ကြား သုံးရတဲ့ အခြေအနေဟာဆိုရင် စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် မလွယ်ကူတဲ့အခြေအနေ ဖြစ်ပါတယ်။ မကြာခင်ရောက်လာတော့မယ့် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရောက်လာရင်လည်း ရေရှားပါးမှုဒဏ်ကို ပိုလို့ဆိုးဆိုးရွားရွားကြုံတွေ့ရမှာကိုလည်းဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။

လျှပ်စစ်မီးပြတ်တောက်တာအပြင် စက်သုံးဆီဈေး ကြီးမြင့်မှုတွေဟာလည်း ဒေသခံတွေအတွက် သောက်သုံးရေရဖို့ ပိုခက်စေတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

ဒါ့အပြင် အညာဒေသက ကျေးရွာတွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ယားနာပေါက်တာတွေနဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဒေသခံတွေ ခံစားနေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက်ထုတ္ထောကျေးရွာဟာဆိုရင်လည်း ပြီးခဲ့တဲ့နှစ် မေလက ဒေသခံ အယောက် ၃၀ ကျော်ကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ ခံခဲ့ရတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

ဒေသခံတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ နေအိမ်တွေကို ပြန်မနေနိုင်တာ၊ လယ်ယာတွေ ပြန်မစိုက်နိုင်တော့တာတွေနဲ့ ကလေးတွေ ကျောင်းဆက်တက်ဖို့ ခက်ခဲတာတွေ အပြင် ကျန်းမာရေးစောင့်ရှောက်မှုရယူဖို့ ခက်ခဲတာတွေဟာလည်း လက်ထုတ္ထောရွာခံတွေ ခံစားနေရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ရွာနဲ့ ရွာအနီးက ဒေသခံတွေဟာ ဖြစ်ရပ်ဆိုးကြောင့် ထိတ်လန့်ပြီး ရွာကို ပြန်မဝင်ရဲဘဲ အနီးအနားက တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

စစ်တပ်က ကျေးရွာကို ဝင်စီးနင်းချိန်က ရွာရဲ့ အဓိကရေထွက်ရာနေရာ ၂ ခုကို မီးရှို့ဖျက်ဆီးသွားလို့  တောထဲက စစ်ရှောင်တွေဟာ ရေကို ခက်ခက်ခဲခဲ အသုံးပြုနေကြရတယ်လို့ ဒေသခံက ပြောပါတယ်။

လက်ထုတ္ထောရွာရဲ့အပြင် တောတွင်းတနေရာမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတယောက်က “ခုက တောထဲမှာနေတာ။ ရွာထဲကိုနေဖို့ မနေရဲတော့ အခုတခါ လုံးဝ ရွာဘက်ကို ငြိုးပြီး မနေရဲဘူး။ ရွာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တော့ ကြောက်ပြီး လှမ်းတဲ့နေရာမှာ နေရတာ။ မြောက်ဖျားကတွင်းရယ် ရွာဘုံဘိုင်တွင်း နှစ်တွင်းကို မီးရှို့ပြီးတဲ့နောက် လုံးဝမသုံးရတော့တာ။ ရေကုန်ရင်တော့ ရွာထဲပြန်ကပ်ရမှာ ကြောက်ပေမဲ့လည်း ရေကုန်ရင်တော့ ရွာနားပြန်ကပ်ရမှာ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လက်ထုတ္ထောရွာလို စစ်ကိုင်းတိုင်းထဲက သိန်းနဲ့ချီတဲ့ တခြား ဒေသခံတွေဟာလည်း စားနပ်ရိက္ခာအခက်အခဲ၊ သောက်သုံးရေနဲ့ ဆေးဝါးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲလို့ ဒေသခံတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်း စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တသိန်းကျော်ရှိပြီး အဲဒီထဲက နေအိမ် ၇၀,၀၀၀ ကျော်လောက်ဟာ စစ်ကိုင်းတိုင်းထဲက နေအိမ်တွေ ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

အလားတူပဲ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာပြီဖြစ်ပြီး ၈၀၀,၀၀၀ ကျော်ကတော့ စစ်ကိုင်းတိုင်းထဲက ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

“ရွှေကိုမလို ရေကိုသာလိုတယ်” “ရေအသက်တမနက်” ဆိုတဲ့ ဆိုရိုးစကားတွေဟာဆိုရင် လက်ရှိ ရေအခက်အခဲဖြစ်နေတဲ့ စစ်ကိုင်းနယ်ထဲက စစ်ဘေးရှောင်တွေအတွက် ပိုပြီး လက်တွေ့ကျနေပါတယ်။

စစ်ဘေးဒဏ်ခံနေရတဲ့ အညာဒေသက ပြည်သူတွေကတော့ မိသားစုအတွင်း ရှာဖွေစုဆောင်းခဲ့တာတွေ၊ တည်ဆောက်ထားတဲ့ နေအိမ်တွေ ပျက်စီးသွားပြီးတဲ့နောက် နေ့စဉ်ဘဝ အသက်ရှင်ရပ်တည်ဖို့ ရေက အရေးအကြီးဆုံး ဖြစ်နေပါတော့တယ်။

မွန်မွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024