ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ရောက်ရှိခိုလှုံနေကြတဲ့ ရခိုင်စစ်ရှောင် အယောက် ၂၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်လို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေဖြစ်ပြီး လက်ရှိ စားစရာနဲ့ ဆေးဝါးတွေ အဓိက အကူအညီ လိုအပ်နေတာပါ။
စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူက “အခု စစ်ဘေးရှောင်တွေက လေးမျက်နှာမြို့နယ်၊ ကွင်းကြီး အုပ်စု၊ လဲခုံကြီးကျေးရွာချောင်းဘေး သဲခုံမှာ သူတို့အစီအစဉ်နဲ့သူတို့ တဲထိုး နေထိုင်နေကြတယ်။ အဓိက စားစရာနဲ့ ဆေးဝါးတွေ လိုနေတာ” လို့ ပြောပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ်၊ သံတွဲ၊ အမ်းနဲ့ ဂွမြို့နယ်တွေက ထွက်ပြေးလာကြသူတွေဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်စ ထိမှန်ထားလို့ ထိခိုက်ဒဏ်ရာ ရရှိထားသူတချို့လည်း ပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ရှောင်တွေဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေက ထွက်ပြေးလာသူတွေဖြစ်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါဝင်ပါတယ်။