မကွေးတိုင်း၊ ထီးလင်းမြို့မှာ ရဲတပ်သားတယောက် ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းမှာ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
ဂန့်ဂေါခရိုင်တပ်ရင်း YRA ရဲ့ တာဝန်ရှိသူတယောက်က “အခုအလင်းဝင်လာတဲ့သူက ထီးလင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဖြစ်ပါတယ်။ သူနဲ့အတူ လက်နက်တော့ ပါမလာခဲ့ပါဘူး” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာသူဟာ ရဲတပ်သား နေမျိုးလင်း ဆိုသူဖြစ်ပြီး MA ကျည် ၁၈၆ တောင့်၊ စကားပြောစက် ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်လို့ ထီးလင်းမြို့ခံတွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဘုန်းက “သူတို့ရဲတပ်ဖွဲ့ထဲမှာကို အချင်းချင်း ယုံကြည်မှုမရှိကြတော့ဘူး။ ရဲတပ်ဖွဲ့ဝင်တွေကို ကင်းချိန်လောက်ပဲ သေနတ်ပေးကိုင်တယ်။ ကျန်တဲ့အချိန် သေနတ်မကိုင်ရဘူးလို့ သိရတယ်။ အခု အလင်းဝင်လာတဲ့ နေမျိုးလင်းကလည်း အဲဒါကြောင့် လက်နက်ပါမလာတာပါ။ သူ့ကို လွတ်မြောက်နယ်မြေရောက်အောင် ပို့ဆောင်ပေးလိုက်ပါပြီ” လို့ DVB ကို ပြောပါတယ်။
ထီးလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်သာရှိပြီး သူတို့ရဲ့ မိသားစုဝင်တွေ အပါအဝင် အင်အား ၅၀၀ နီးပါးသာရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ထီးလင်းမြို့အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတော့မှာဖြစ်လို့ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြည်သူတွေအနေနဲ့ မြို့ကိုစွန့်ခွာကြဖို့နဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း ပကဖနဲ့ ပလဖတွေဆီမှာ အလင်းဝင်ရောက်ကြဖို့အပြင် သတ်မှတ်ရက်အတွင်း မလိုက်နာပါက နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကြေညာချက် ထုတ်ပြန်ပြီး ၁ လအကြာ ဇန်နဝါရီ ၆ ရက်မှာ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထီးလင်းမြို့မရဲစခန်းအတွင်းက လူပျိုဆောင် ထိခိုက်ပျက်စီးသွားပြီးနောက် ရဲတပ်သား နေမျိုးလင်း အလင်းဝင်ရောက်လာခဲ့တာလို့လည်း ထီးလင်းမြို့နယ် ပအဖ ဆီကနေ သိရပါတယ်။