Home
နိုင်ငံတကာ
ထရမ့်ပ် အမှုများ ကိုင်ခဲ့သည့် ဥပဒေအရာရှိ တရားရေးဌာနမှ နုတ်ထွက်
DVB
·
January 13, 2025
Photo: Reuters

ဒေါ်နယ်ထရမ့်ပ်ကို  စွဲချက်တင်တဲ့ ဖယ်ဒရယ်အမှုအခင်းတွေကို ဦးဆောင်ခဲ့တဲ့ အထူးဥပဒေအရာရှိ (Special Counsel) ဂျက်စမစ်ဟာ ထရမ့်ပ် အိမ်ဖြူတော် ရောက်မလာမီ နုတ်ထွက်သွားခဲ့ပြီလို့ Politico ဝက်ဘ်ဆိုက်က  ဖော်ပြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအရှုံးကို ပြောင်းပြန်လှန်ဖို့ ကြိုးစားခဲ့မှု၊ အစိုးရလျှို့ဝှက်စာရွက်စာတမ်းတွေ ကိုင်တွယ်ပုံလွဲမှားမှုတွေနဲ့ ထရမ့်ပ်ကို တရားစွဲဆိုနိုင်ဖို့ စမစ်က ဦးစီးခဲ့တာဖြစ်ပါတယ်။

အရင်တုန်းက စစ်ရာဇဝတ်မှုတွေမှာ အစိုးရရှေ့နေလုပ်ခဲ့ဖူးတဲ့ စမစ်ဟာ ထရမ့်ပ် ပထမသက်တမ်းအပြီး ရွေးကောက်ပွဲ ရှုံးလို့ ရာထူးက ဆင်းပေးရချိန်မှာ စွဲဆိုခဲ့တဲ့ ပြစ်မှု ၄ မှုမှာ ၂ မှုကို ဦးဆောင်စွဲဆိုခဲ့သူ ဖြစ်ပါတယ်။

အဲဒီ ၂ မှုမှာ တမှုကို ထရမ့်ပ် ခန့်ခဲ့တဲ့ ဖလော်ရီဒါက တရားသူကြီးက ပယ်ချခဲ့သလို နောက်တမှုကိုလည်း တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။

သမ္မတဟာ တရားဝင် ဆောင်ရွက်ချက်တွေအတွက် အင်မတန်ကျယ်ပြန့်တဲ့ ကင်းလွတ်ခွင့် ရှိတယ်လို့ ထရမ့်ပ် ခန့်အပ်ခဲ့တဲ့ တရားသူကြီး ၃ ယောက်ပါ  တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ ၂ မှုစလုံးဟာ ရုံးတင်စစ်ဆေးတဲ့အဆင့်မရောက်ဘဲ ပြီးပြတ်သွားတာဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရွေးကောက်ပွဲမှာ ထရမ့်မ့်က ပြိုင်ဘက် ကမ်မလာဟားရစ်ကို အနိုင်ရခဲ့ပြီးတဲ့နောက် စမစ်က အမှု ၂ မှုစလုံးကို ရုပ်သိမ်းပေးခဲ့ပါတယ်။

တရားရေးဌာနဟာ လက်ရှိအာဏာရ သမ္မတတွေကို တရားစွဲရိုးထုံးစံမရှိတဲ့ အစဉ်အလာအရ ဒီအမှုတွေကို ဆက်လက်တည်ဆောက်တော့မှာမဟုတ်ဘူးလို့ စမစ်က ပြောခဲ့ပါတယ်။ 

ထရမ့်ပ်က စမစ်ဟာ စိတ်ဖောက်ပြန်နေတာလို့ မကြာခဏ ဝေဖန်ခဲ့ဖူးပြီး သူ သမ္မတဖြစ်တာနဲ့  ချက်ချင်းဖြုတ်မယ်လို့ တရားဝင်ပြောထားခဲ့ပါတယ်။

စမစ်နဲ့ တခြား သူ့ကို စုံစမ်းစစ်ဆေးခဲ့ကြတဲ့သူတွေကို သူ သမ္မတပြန်ဖြစ်ရင် လက်တုံ့ပြန်မယ်လို့လည်း အတိအလင်း ကြေညာထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013