လက်ဘနွန်နိုင်ငံမှာ လစ်လပ်နေတဲ့ သမ္မတရာထူးအတွက် စစ်ဦးစီးချုပ် ဂျိုးဆက်ဖ်အာဝင် ကို လွှတ်တော်က ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
အမေရိကန်နဲ့ ဆော်ဒီနိုင်ငံတို့ရဲ့ ထောက်ခံမှုရထားတဲ့ ဂျိုးဆက်ဖ်အာဝင်ဟာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု ၂ ကြိမ် ရှိခဲ့ရာမှာ အမတ် ၁၂၈ ယောက်ထဲက ၉၉ ယောက်ရဲ့ ထောက်ခံမဲကို ရယူနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ သမ္မတတာဝန်ကို နောက်ဆုံးယူခဲ့တဲ့ မီရှဲ အာဝင်ရဲ့ သက်တမ်းကုန်ဆုံးပြီးချိန်ကတည်းက ရာထူးလစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီသမ္မတဟောင်းက အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်ပြီး ဂျိုးဆက်ဖ် အာဝင်နဲ့ နာမည်ဆင်ပေမဲ့လည်း ဆွေမျိုးတော်ခြင်းတော့ မရှိပါဘူး။
၂ နှစ်ကြာ လစ်လပ်နေတဲ့ သမ္မတနေရာအတွက် ဂျိုးဆက်ဖ် အာဝင်ကို အတည်ပြုခဲ့ပြီးနောက် တပ်မတော်အကြီးအကဲ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ဦးစီးချုပ်ဟောင်းက အရပ်သားဝတ်စုံနဲ့အတူ လွှတ်တော်ကို ရောက်လာခဲ့ပြီး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တာအတွင်း သမ္မတနေရာ ရွေးချယ်တင်မြှောက်နိုင်ဖို့ ကြိုးပမ်းမှု ၁၂ ကြိမ်အထိ ရှိခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အာဝင်က ရာထူးလက်ခံမိန့်ခွန်း ပြောကြားခဲ့ရာမှာ “လက်ဘနွန်နိုင်ငံအနေနဲ့ အစ္စရေးရဲ့ ကျူးကျော်မှုကို ဖယ်ရှားသွားမှာဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ဘနွန်ရဲ့ အာဏာစက်အောက်မှာ “လက်နက်တွေကိုပါ တစုတစည်းတည်း ထိန်းချုပ်သွားမယ်” လို့ အောဝင်က ရှားရှားပါးပါး ကတိပြုခဲ့ပါတယ်။
ဒါက လက်ဘနွန်နိုင်ငံမှာ ဩဇာလွှမ်းမိုးမှုရှိတဲ့ ဟစ်ဇ်ဘိုာအဖွဲ့ရဲ့ လက်နက်တိုက်တွေကို ရည်ညွှန်းပြောဆိုခဲ့တာပါ။
ဟစ်ဇ်ဘိုလာဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ အကြီးဆုံး စစ်သွေးကြွအဖွဲ့ဖြစ်ပြီး မနှစ်က အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမတိုင်ခင်အထိ အနည်းဆုံး ဒေသတွင်းနိုင်ငံ ၃ ခုမှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။
လက်ဘနွန်စစ်တပ်ကလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား အပြန်အလှန် တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့ခြင်း မရှိပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည် ဖော်ရာမှာတော့ အဓိကကျခဲ့ပါတယ်။
Source : Reuters