မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းလှေလုပ်သား ၄ ယောက်ကို အတိုက်အခံ ပြည်သူ့ပါတီ ကိုယ်စားလှယ်က သွားတွေ့ဖို့ အဆိုပြုထားတဲ့အပေါ် ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်လာနိုင်တာကြောင့် စိုးရိမ်မိတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
နိုင်ငံခြားရေးဒုဝန်ကြီး ရပ်စ် ဂျာလီချန်ဒရာက ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ပါတီအမတ်နဲ့ အောက်လွှတ်တော် စစ်ဘက်ရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝီရော့ဂျ် လာခနာ ဒီဆွန် အနေနဲ့ ခုလိုသွားရောက်မယ့်အပေါ် တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဇန်နဝါရီ ၇ ရက်က ပြောလိုက်ပြီး သူ့အနေနဲ့ သံတမန်လမ်းကြောင်းတွေကတဆင့် ခွင့်ပြုချက်တောင်းခံရမယ်လို့ ပြောပါတယ်။
ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်လျက် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်သွားတဲ့ ထိုင်းငါးဖမ်းလှေတစီး၊ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်တို့ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးထားရာမှာ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသား ၄ ယောက်မှာ အသက် ၆၀ နဲ့ ၇၀ ကြား လူကြီးပိုင်းတွေဖြစ်ပြီး စက်လှေပိုင်ရှင်မှာ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ကျပ် ၂ သိန်း၊ စက်ပြင်ဆရာ အပါအဝင် ထိုင်း ၃ ယောက်မှာ ထောင်ဒဏ် ၄ နှစ်နဲ့ ငွေဒဏ် ၄ သောင်း၊ မြန်မာရေလုပ်သား ၂၇ ယောက်ကတော့ ထောင်ဒဏ် ၁ နှစ်စီ အသီးသီး ချမှတ်ခံထားရတာပါ။
ထိုင်းနိုင်ငံခြားရေးဒုဝန်ကြီးကတော့ ခုလတ်တလော အတိုက်အခံ ပြည်သူ့ပါတီက သူတို့ကို သွားတွေ့တဲ့အခါ မြန်မာဘက်က ဒါကို ဖိအားပေးပြီး ဝင်ရောက်စွက်ဖက်တာလို့ မြင်နိုင်တာကြောင့် ဒီလုပ်ဆောင်မှုက နားလည်မှုလွဲမှားခြင်းဆီ ဦးတည်သွားနိုင်ကြောင်း သတိပေးထားသလို မစ္စတာ ဝီရော့ဂျ် အနေနဲ့ သေသေချာချာ စဉ်းစားပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အကျိုးဆက်တွေကို စဉ်းစားဖို့ တောင်းဆိုထားပါတယ်။
“ပြည်သူတွေရဲ့ဘဝတွေကို နိုင်ငံရေးပြဿနာဖြစ်အောင် မလုပ်ပါနဲ့။”
သိပ်မကြာခင်တုန်းကတော့ ထိုင်းငါးဖမ်းလှေလုပ်သား ၄ ယောက်ကို မြန်မာအာဏာပိုင်တွေဘက်က မကြာမီ လွှတ်ပေးနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့ပေမဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာတွေကြောင့် ရက်အတိအကျ မသတ်မှတ်နိုင်သေးဘူးလို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က မြန်မာအာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာတော့ တခြား ထိုင်းအကျဉ်းသား ၁၅၁ ယောက် ပါဝင်ခဲ့ပေမဲ့ လတ်တလော ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်ကတော့ ပါမလာသေးပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒက်ဂျ် ဘာလန်ကူရာကတော့ မြန်မာနိုင်ငံက ထိုင်းငါးဖမ်းလုပ်သား ၄ ယောက်ကို ကာလကြာရှည် ဖမ်းဆီးထားမှုအပေါ် စိတ်ပျက်မိတယ်လို့ ပြောထားပါတယ်။
လက်ရှိမှာတော့ သူတို့လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလို လာမယ့် ဇန်နဝါရီ ၁၃၊ ဒါမှမဟုတ် ၁၄ ရက်မှာ ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဒုဝန်ကြီး မစ္စတာ ရပ်စ်က ပြောပါတယ်။
အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနဲ့ အမျိုးသားပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အောက်လွှတ်တော်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အတိုက်အခံ ပြည်သူ့ပါတီအမတ် ရန်စီမန် ရုမ်းမ်ကတော့ ကော်မတီအနေနဲ့ ထိုင်းဘုရင့်ရေတပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့နဲ့ ကြာသပတေးနေ့မှာ ဒီကိစ္စကို ဆွေးနွေးမယ်လို့ ပြောထားပါတယ်။
ထိုင်းငါးဖမ်းလှေလုပ်သား ၄ ယောက် သူတို့မွေးရပ်မြေဆီ ပြန်ခွင့်ရဖို့အတွက် မြန်မာအာဏာပိုင်တွေကို ဖိအားပေးဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုသင့်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရက ဒီအပေါ် အရေးကြီးတဲ့ကိစ္စလို့ မမှတ်ယူဘူးဆိုတာ ပြနေသလို ဒီအမှုအတွက် ဘယ်လိုအကူအညီမှ မပေးခဲ့တဲ့အကြောင်းလည်း ပြောလိုက်ပါတယ်။
Source: Bangkok Post