ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေကို အစ္စရေးနိုင်ငံဆီ ထပ်မံရောင်းချသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။
ဒီလက်နက်တွေထဲမှာ လေကြောင်းပစ်ဒုံးကျည်တွေ၊ ဟဲလ်ဖိုင်းယာဒုံးကျည်တွေ၊ မြေပြင်ပစ် လက်နက်ကြီး ကျည်ဆန်တွေနဲ့ ဗုံးတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ ဒီလက်နက်ရောင်းချမှုကို လွှတ်တော်နှစ်ရပ်ရဲ့ ကော်မတီတွေက အတည်ပြုပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဟာ သူ့နိုင်ငံသားတွေကို ကာကွယ်ခွင့်ရှိတယ်လို့ ပြောကြားထားပြီး၊ အစ္စရေးကို အမေရိကန်ရဲ့ ထောက်ပံ့မှုဟာ သံမဏိလိုခိုင်မာတယ်လို့ အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကလည်း အမေရိကန်က အစ္စရေးကို ဒေါ်လာ ၂၀ ဘီလီယံတန် တိုက်လေယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချခဲ့ပါသေးတယ်။
အခုလို လက်နက်တွေ ထပ်မံရောင်းချဖို့ စီစဉ်နေတာဟာ သမ္မတဘိုင်ဒင် ရာထူးက ဆင်းတော့မယ့် နောက်ဆုံးရက်ပိုင်းမှာ ဆောင်ရွက်တာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတသစ် ဒေါ်နယ်ထရမ့်ပ် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
ဂါဇာစစ်ပွဲမှာ အရပ်သား သေဆုံးမှု များပြားနေတာကြောင့် အစ္စရေးကို စစ်ဘက်အထောက်အပံ့တွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် အမေရိကန်က ငြင်းဆန်ထားပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် လူပေါင်း ၄၅,၅၈၀ ကျော် သေဆုံးတယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
Source: Reuters