အမေရိကန်ပြည်ထောင်စုက ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်တာဟာ ၂ နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်ကြောင်း ဟွန်ဒူးရပ်စ်သမ္မတ ရှောင်မားရာ ကက်စ်ထရိုက ဇန်နဝါရီ ၁ ရက်မှာ သတိပေးလိုက်ပါတယ်။
နှစ်သစ်ကူးနေ့မိန့်ခွန်းထဲမှာ သမ္မတ ကက်စ်ထရိုက နောက်တက်လာတော့မယ့် ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့နဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်ကနေ နှင်ထုတ်ခြင်းမပြုဖို့လည်း အစိုးရအဖွဲ့သစ်ကို တိုက်တွန်းခဲ့ပါတယ်။
ဝါရှင်တန်ဟာ ဟွန်ဒူးရပ်စ်ရှိ အမေရိကန်ရဲ့ အခြေစိုက်စခန်းတွေကို ဆယ်စုနှစ်တွေချီကြာအောင် ထိန်းသိမ်းထားရတဲ့အတွက်လည်း ဘာပေးချေမှုမှ မရှိခဲ့ကြောင်းလည်း ကက်စ်ထရိုက ပြောပါတယ်။
ဟွန်ဒူးရပ်စ် ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက် အပြုံလိုက် နှင်ထုတ်လိုတဲ့ သဘောထားနဲ့ ရင်ဆိုင်ရရင် အထူးသဖြင့် စစ်ရေးနယ်ပယ်မှာ ဆယ်စုနှစ်ချီ ငွေကြေးတပြားတချပ်မှ မရဘဲ ဟွန်ဒူးရပ်စ်ပိုင်နက်မှာ စစ်အခြေစိုက်စခန်းတွေ ချထားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ စဉ်းစားရမှာဖြစ်ပြီး အဲဒီကိစ္စကြောင့် ဟွန်ဒူးရပ်စ်မှာ ရှိနေရမယ့် အကြောင်းပြချက် အားလုံးကို ဆုံးရှုံးသွားလိမ့်မယ်လို့လည်း ဟွန်ဒူးရပ်စ်သမ္မတ ရှောင်မားရာ ကက်စ်ထရိုက ပြောကြားခဲ့ပါတယ်။
Source : Reuters