ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ပြီဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးနဲ့ ဒေသလုံခြုံရေးအာဏာပိုင်တွေက ပြောတဲ့ အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုမြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါကူးစက်ပြန့်ပွားမှုဟာ လတ်တလောမှာတော့ ထိုင်းနိုင်ငံထဲ ရောဂါဖြစ်ပွားမှု အနည်းငယ်သာ ရှိတော့တယ်လို့ ပြောလိုက်ပြီး ရွှေကုက္ကိုမှာလည်း ကူးစက်လူနာ အရေအတွက် ကျဆင်းသွားပြီလို့ ဆိုပါတယ်။
မဲဆောက်ဆေးရုံက ဒါရိုက်တာ ဒေါက်တာ ရမ်မက်ဝေါင်ဝီလာရက်က မဲဆောက်နဲ့ တာ့ခ်ခရိုင် မြောက်ပိုင်းက ဒေသ ၄ ခုမှာ ကာလဝမ်းရောဂါ ထိန်းချုပ်ရေး အနီရောင်ဇုန် အဖြစ် ကြေညာထားပေမဲ့ အသစ်ထပ်မံတွေ့ရှိနိုင်တဲ့ အခြေအနေ အလွန်ဆိုးရွားခြင်း မရှိကြောင်းလည်း ပြောပါတယ်။
လတ်တလောမှာတော့ ဒီကာလဝမ်းရောဂါဟာ ထိုင်းနိုင်ငံရဲ့ ကူးစက်ရောဂါ ၅၇ မျိုး စာရင်းထဲ အဆင့် ၅၃ နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။
အခုအချိန်ထိ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရတဲ့ လူနာ ၄ ယောက်ထဲမှာ ထိုင်းနိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပါဝင်ကာ သူတို့ကို အပြည့်အဝ ကုသပေးနေသလို ရောဂါလက္ခဏာ မပြတဲ့ ကာလဝမ်းရောဂါ ၃ ခုကလွဲပြီးတော့ ဘယ်လိုရောဂါဖြစ်ပွားမှုအသစ်တခုမှ မရှိသေးဘူးလို့လည်း ကျန်းမာရေးစစ်ဆေးရေးမှူးချုပ် ဒေါက်တာ ဆူဖာချော့ ဝီချာဖန်ဖီးက ပြောပါတယ်။
ဒါ့အပြင် ရောဂါကူးစက်နိုင်ခြေကို မြင့်မားစေမဲ့ အထူးသဖြင့် လူစုလူဝေးနဲ့ နှစ်သစ်ကူးပွဲတော်လို ပွဲလမ်းသဘင်တွေ ကျင်းပတဲ့အခါ သင့်တော်တဲ့ ကာလဝမ်းရောဂါ စောင့်ကြည့်အစီအမံတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့်မို့ တာ့ခ်ခရိုင်ထဲမှာ အစားအသောက်တွေကတဆင့် ကာလဝမ်းရောဂါ ပြန့်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ရေးအတွက် ဈေးတွေ၊ အများသုံးအိမ်သာတွေမှာ သန့်ရှင်းမှု စံနှုန်း မြှင့်တင်ပေးတာ၊ လမ်းဘေးအစားအသောက်ရောင်းချသူတွေရဲ့ တကိုယ်ရေ သန့်ရှင်းမှုစံနှုန်းတွေ အပါအဝင် အစီအမံတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။
အမည်မဖော်လိုတဲ့ နယ်စပ်လုံခြုံရေးအရာရှိတဦးရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် ကနေ ၂၇ ရက်အထိ ရွှေကုက္ကိုဆေးရုံမှာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၇၆၁ ယောက်ရှိတယ်လို့ ပြောလိုက်ပြီး လက်ရှိမှာတော့ ရောဂါဖြစ်ပွားသူအယောက် ၄၀ လောက်သာ ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲလို့ ဆိုပါတယ်။
Source: Bangkok Post