အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာကို ကြီးလေးတဲ့ အပြစ်ဒဏ်ပေးဖို့ တောင်းဆိုကြတဲ့ ‘March for Unity’ - စည်းလုံးမှုအတွက် ချီတက်ပွဲမှာ ပါဝင်ဖို့ ဒီဇင်ဘာ ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ ထောင်နဲ့ချီပြီး ဒါကာမြို့တော်ရဲ့ မြို့လယ်ခေါင်မှာ စုဝေးခဲ့ကြပါတယ်။
‘ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးကျောင်းသားများ’ (SAD) က စီစဉ်တဲ့ ဆန္ဒပြပွဲကို ဒါကာ တက္ကသိုလ်ရှိ ရှာဟစ်ဒ် မီနာ အထိမ်းအမှတ်နေရာမှာ လူထုစုဝေးပွဲ ပြုလုပ်ခဲ့တာပါ။
အဲဒီပွဲကို ဦးဆောင်ခဲ့တဲ့ SAD ကျောင်းသားအဖွဲ့ဟာ ဟာစီနာရဲ့ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို ပြုတ်ကျသွားစေတဲ့ လူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့တာပါ။
ဒီလူထုအခမ်းအနားကို နိုင်ငံတဝန်းမှ အနည်းဆုံး လူပေါင်း ၅,၀၀၀ တက်ရောက်ခဲ့ပြီးတော့ ဟာစီနာကို သူ့ရဲ့ ရာထူးသက်တမ်းအတွင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အမြန်အရေးယူဖို့ တောင်းဆိုခဲ့တယ်လို့ ပွဲစီစဉ်သူတယောက်က ရိုက်တာကို ပြောကြားခဲ့ပါတယ်။
သူတို့ဟာ နိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရကိုလည်း ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး ‘ဇူလိုင် ကြေညာချက်’ ကို ကြေညာပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြည်သူ့ဝန်ထမ်း ရာထူးအလုပ်အကိုင်တွေအတွက် အငြင်းပွားစရာ ခွဲတမ်းစနစ်နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေကနေ ဝန်ကြီးချုပ် ဟာစီနာကို ပြုတ်ကျသွားစေတဲ့ လူထုအုံကြွမှုကြီးကို ဦးဆောင် ဖြစ်ပွားခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေး ဌာနတွေက ကျောင်းသားဆန္ဒပြသူတွေကို ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂,၀၀၀ သေဆုံးပြီး ၅၀,၀၀၀ ကျော် ဒဏ်ရာရရှိသွားချိန်မှာ လူထုအုံကြွမှုကြီး အရှိန်မြင့်လာခဲ့ပါတယ်။
ပြည်သူတွေပါ ပူးပေါင်းပါဝင်လာတာကြောင့် အရှိန်ပိုကောင်းလာတဲ့ လနဲ့ချီ လူထုလှုပ်ရှားမှုဟာ ဩဂုတ် ၅ ရက်မှာ အိန္ဒိယနိုင်ငံကို ဟာစီနာ ထွက်ပြေးရခြင်းနဲ့ အဆုံးသတ်ခဲ့ရပြီး တောင်အာရှနိုင်ငံမှာ ‘ဖက်ဆစ်ဝါဒရဲ့နိဂုံး’ အဖြစ် ကျောင်းသားတွေက ကြေညာနိုင်ခဲ့ပါတယ်။
Source : Reuters