ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတယောက် မြေမြှုပ်မိုင်းနင်မိပြီး ခြေထောက်တဖက် ပြတ်သွားကြောင်း ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ၁၂ နာရီဝန်းကျင်က အသက် ၃၉ နှစ်အရွယ် မနီနီဝင်း ဆိုသူဟာ သူ့နေအိမ်ခြံဝန်းအတွင်းရှိ အနောက်ဘက်ကို ဆီးပုံးတွေသွားယူရာမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“သူ့ကလေးကို သူတို့ခြံထဲ နောက်ဖေးဘက်မှာထားတဲ့ ဆီပုံးတွေကို သွားယူခိုင်းတာ၊ ကလေးက မနိုင်တော့ သူသွားယူတာ၊ အဲဒီမှာ မိုင်းနင်းမိပြီး ထပေါက်တာ။ ကလေးကတော့ ဘာမှမဖြစ်ဘူး။ သူက ဘယ်ဘက်ခြေထောက် ဒူးအောက်က ပြတ်ထွတ်သွားတာ။”
မိုင်းနင်းမိတဲ့ အမျိုးသမီးကို သူမရဲ့ ဦးလေးတော်စပ်သူကားနဲ့ တောင်ငူဆေးရုံ ပို့ဆောင်ထားကြောင်း ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ဆေးရုံမှ ဆေးကုသနေရတုန်း၊ ဒီဘက်မှာက မိုင်းက ခဏခဏနင်းမိပြီး ခြေထောက်ဖြတ်ရတဲ့သူတွေ များနေပြီ။ အမတို့ ၆ ရပ်ကွက်မှာ ၃ ယောက်ရှိပြီ။ ကိုယ့်ခြံထဲတောင် မိုင်းတွေက ဘယ်နေရာရှိမှန်းမသိ ဖြစ်နေကြတာ။ လယ်ထဲ ကိုင်းထဲတွေလည်း မသွားရဲဘူး။”
မုန်းမြို့မှာ အခု ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနင်းမိသူ ၁၂ ယောက်ထက်မနည်းရှိပြီး အဲဒီထဲက ၂ ယောက် သေဆုံးကာ ၇ ယောက် ခြေထောက်ဖြတ်လိုက်ရကြောင်း ဒေသခံတွေက ဆိုပါတယ်။
မုန်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ပထမအပတ်အတွင်းက စတင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲပြင်းထန်ခဲ့ကာ ပြည်သူအများအပြား စစ်ရှောင်ခဲ့ရသလို မုန်းမြို့မဈေးကြီးလည်း မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေ နေရပ်ပြန်လာချိန်က စတင်ပြီး မကြာခဏ မြေမြှုပ်မိုင်းနင်မိကာ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။