ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးရုံးဝန်ထမ်းတွေ လာဘ်စားနေတာကြောင့် အခက်အခဲတွေလည်းဖြစ်ပြီး နစ်နာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဂျိုးဖြူရေ သွယ်တန်းတပ်ဆင်တာနဲ့ လုပ်ငန်းလိုင်စင်ပြုလုပ်တာတွေမှာ ဌာနအတွင်း သတ်မှတ်ချက်အတိုင်း လျှောက်ထားပေးမျိုးမရှိဘဲ ဝန်ထမ်းတွေက လာဘ်ငွေယူပြီး လုပ်ဆောင်ပေးနေကြတာပါ။
မြို့နယ်နေထိုင်သူတွေက ဂျိုးဖြူရေသုံးစွဲခွင့်အတွက် လျှောက်လွှာတင်ချိန်မှာ ဝန်ထမ်းတွေက မြေပြင်ဆင်းလေ့လာတာ မရှိသလို ရေမီတာရရှိဖို့အတွက် ငွေကျပ် ၅ သောင်းကနေ တသိန်းအထိ ဝန်ထမ်းတွေကို ပေးနေကြရပါတယ်။
ရေအသုံးပြုခွင့်လျှောက်ထားသူတယောက် “ရုံးမှာ စာရွက်စာတမ်းအစုံနဲ့ သွားရင် အားလုံး ၆ သိန်းခွဲ။ ၁ လ ၂ လောက်ကြာမှာလို့ ပြောတယ်။ သူတို့ဆီတပ်ခိုင်းရင် အများဆုံးကြာ ၃ ရက်ပဲ။ ရေမီတာ ဒိုင်ခွက် မပါဘူး။ ပိုက်လုံးကနေ တိုက်ရိုက်သွယ်ပေးတာ” လို့ ပြောပါတယ်။
ဒါ့အပြင် လုပ်ငန်းသုံးလိုင်စင်လျှောက်ရာမှာလည်း စည်ပင်ရုံး၊ စီမံဌာနဝန်ထမ်းတွေက လာဘ်ငွေမရရင် လိုင်စင်မရအောင် ကန့်ကွက်တယ်လို့လည်း သိရပါတယ်။
လုပ်ငန်းလိုင်စင်လျှောက်ထားတာအတွက် ဆိုင်တည်နေရာရဲ့ ရှေ့နဲ့ နောက် အိမ် ၇ လုံးက သဘောတူကြောင်း လက်မှတ်အပါအဝင် မီးသတ်၊ လျှပ်စစ်၊ အခွန်ရုံး၊ ကျန်းမာရေး စတဲ့ဌာနတွေက ခွင့်ပြုကြောင်း စာလက်ခံရရှိမှ လိုင်စင်ရရှိတာ ဖြစ်ပါတယ်။
လုပ်ငန်းလိုင်စင်လျှောက်ထားသူတယောက်က “စားသောက်ကုန်လုပ်ငန်းအတွက် လိုင်စင်လျှောက်တာ။ စည်ပင်ရုံးကိုပဲ ကိုယ်တိုင်သွားတော့ အဲဒီက အမျိုးသမီးက သူ့ကို အချက်အလက်အားလုံး ပေးခိုင်းတယ်။ ပထမက ၄ သိန်း သွင်းပြီးပြီ။ လိုင်စင်မလိုဘူး။ သူတို့ လုပ်ပေးမယ်။ ၅ သိန်း ထပ်ပေးခိုင်းတယ်။ မပေးတော့ EPC နဲ့ မီးသတ်ကို ပို့တဲ့ စာအိတ်ပိတ်ဖိုင်မှာ ကန့်ကွက်စာ ထည့်ပေးလိုက်တာ။ ၃ လလောက်ကြာပြီ အခုထိ လိုင်စင်မရဘူး” လို့ ပြောပါတယ်။
လာဘ်စားတာတွေကို တိုင်တန်းဖို့ စည်ပင်ရုံးကို လူကိုယ်တိုင် သွားရောက်သူတွေရှိသလို စာနဲ့ တိုင်တန်းထားသူတွေလည်းရှိပေမဲ့ စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံး အုပ်ချုပ်ရေးမှူးက ဖြေခြင်းပေးတာမျိုး မရှိပါဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။