Home
ဆောင်းပါး
ကိုယ်လွတ်ရုန်းတဲ့ အာဏာရှင်များ
DVB
·
December 28, 2024
Design-DVB

ဆီးရီးယားအာဏာရှင်သမ္မတဟောင်း ဘာရှားအာဆတ်ဟာ အမျိုးအရင်းတွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးတွေ အားလုံးကို “ရုရှားစစ်ကူတွေ လာနေပြီလို့” လိမ်ပြီးမော်စကိုကို လစ်ပြေးခဲ့တာ ဖြစ်ပါတယ်။ နောာက်ပိုင်းမှာတော့ သူ ပြေးဖို့မရည်ရွယ်ခဲ့ဘဲ ရုရှားကပဲ ဆုတ်ခွာခိုင်းလို့ တိုင်းပြည်က ခွာခဲ့ရသယောင် ဖြေရှင်းချက်ပေးပါတယ်။ ဒါပေမဲ့ ဒေါ်လာ သန်း ၂၅၀ လောက် မော်စကို ကို ကြိုရွှေ့ထားခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

အခြေအနေမဟန်ရင် အားလုံးကို ပစ်ချပြီး အထုပ်ပိုက် ကိုယ်လွတ်ရုန်းခဲ့ကြတဲ့ အာဏာသေ အရှင်ထွက်တွေက အာဆတ် တယောက်တည်းတော့ မဟုတ်ပါဘူး။ အာဏာရှင်တွေ ထွက်ပြေးသွားတဲ့အချိန်မှာ အာဏာရှင်ခေတ် ရက်စက်ခဲ့သမျှ၊ နှိပ်စက်ခဲ့သမျှ၊ သတ်ဖြတ်ခဲ့သမျှအတွက် တရားမျှတမှု ရှာတာပဲဖြစ်ဖြစ်၊ လက်စားချေတာပဲဖြစ်ဖြစ် အာဏာရှင်အလိုကျ အသုံးတော်ခံခဲ့ကြတဲ့သူတွေ၊  သခင်အားရ ကျွန်ပါးဝခဲ့ကြတဲ့ကောင်တွေ၊ အောက်လက်ငယ်သားတွေကပဲ ခံစားရမှာဖြစ်ပါတယ်။ အာဏာရှင်တွေကတော့ ကိုယ်လွတ်ရုန်းသွားကြမှာပါပဲ။

အခု နောက်ဆုံး ပြေးရတဲ့ အာဆတ်ဟာ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးကစလို့ ပြုတ်ကျခဲ့တဲ့ အာရပ်က အာဏာရှင်တွေထဲမှာ နောက်ဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ အီဂျစ်၊ လစ်ဗျား၊ တူနီးရှားနဲ့ ယီမင်က သူ့ခေတ်ပြိုင်အာဏာရှင်တွေ ပြုတ်ကျ၊ ထောင်ကျ၊ အသတ်ခံရ၊ ပြည်ပြေးဖြစ်ကြချိန်မှာ သူက ရုရှားအကူအညီနဲ့ နောက်ဆုံးတောင့်ခံနိုင်ခဲ့သူဖြစ်ပါတယ်။ အခုလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အာဆတ်ကို ခိုလှုံခွင့်ပေးခဲ့အပြီးမှာ သူဟာ အာဏာသေသွားပေမဲ့ အရှင်ထွက်ခွင့်ရတဲ့ အာဏာရှင်ဟောင်းတွေထဲက တယောက်ဖြစ်လာပါတယ်။  သူ့လိုပဲ အထုပ်ပိုက် ကိုယ်လွတ်ရုန်းသွားကြတဲ့ သူတွေအကြောင်း ဆက်ရရင်။

ဇိုင် အယ်လ် အဘီဒိုင် ဘင်အလီ၊ တူနီးရှား

တူနီးရှားအာဏာရှင်သမ္မတ ဘင်အလီဟာ အာရပ်နွေဦးတော်လှန်ရေးဖြစ်ပွားအပြီး တလအကြာ ၂၀၁၁ ဇန်နဝါရီမှာပဲ ဆော်ဒီအာရေဗျကို မိသားစုနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ မစီစဉ်ထားဘဲ အလျင်စလို ပြေးရတာဖြစ်တဲ့အတွက် မိသားစုဝင်တွေဟာ ခရီးဆောင်အိတ်တွေ လက်ကိုင်အိတ်တွေထဲ ဒေါ်လာတွေ ရွှေချောင်းတွေ အတင်းထိုးထည့်ပြီး၊ ပြင်သစ်၊ အီတလီနဲ့ ပါရှန်းပင်လယ်ကွေ့ကို ကိုယ်ပိုင်ဂျက်လေယာဉ်တွေ၊ ဇိမ်ခံရွက်လှေတွေနဲ့ အပြိုင် ပြေးကြတာဖြစ်ပါတယ်။ ဘင်အလီကို မျက်ကွက် ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့ပေမဲ့ မဖမ်းနိုင်ခဲ့ပါဘူး။ နောက်တက်တဲ့ တူနီးရှားအစိုးရလက်ထက်မှာ သူ့စံအိမ်တွေ၊ သူ့ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ဇိမ်ခံ ရွက်လှေကြီးတစီးကို ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်ပေါင်းများစွာ ပြည်ပဘဏ်စာရင်းတွေထဲ လွှဲပြောင်းခဲ့တဲ့ ဘီလျံနဲ့ချီတယ်ဆိုတဲ့ ဒေါ်လာတွေကိုတော့ ပြန်မရခဲ့ပါဘူး။ ၂၀၁၉ စက်တင်ဘာမှာ ဘင်အလီဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အီဒီအာမင်၊ ယူဂန္ဒာ

ယူဂန္ဒာ အာဏာရှင်သမ္မတ အီဒီအာမင်ဟာ ၁၉၇၉ ခုနှစ်မှာ ဖြုတ်ချခံရပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ ခိုလှုံခဲ့ပါတယ်။ ဇနီးလေးဦး၊ ကိုယ်လုပ်တော် ၃၀၊ သားသမီး အယောက် ၂၀ လောက် နဲ့ အတူ လစ်ဗျားကို အရင်ပြေးခဲ့တာဖြစ်ပြီး သူ့လိုပဲ အင်မတန်ရက်စက်ပြီး မှန်းဆရခက်တယ်ဆိုတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီရဲ့ ကြိုဆိုမှုခံခဲ့ရပါတယ်။ ကဒါဖီကိုယ်တိုင်ဟာလည်း ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးမှာ အသတ်ခံခဲ့ရပါတယ်။ အာမင်ဟာ နောက်ပိုင်း ဆော်ဒီအာရေဗျမှာ ခိုလှုံခဲ့ပြီး၊ မထင်မရှားလူလူတ်တန်းစားဘဝနဲ့ပဲ ၂၀၀၃ မှာ သေသွားပါတယ်။ မသေခင်အထိ သူ့တိုင်းပြည်က သူ့ကိုလက်မခံတဲ့အပေါ်မှာသာ  ခါးခါးသီးသီးဖြစ်ခဲ့ပြီး သူ့အုပ်ချုပ်မှုကာလအတွင်း ယူဂန္ဒာ ပြည်သူ ၂ သိန်းကျော် ရက်ရက်စက်စက် ညှဉ်းပန်းသတ်ဖြတ်ခံရတာ၊ ကွက်မျက်ပစ်ခဲ့တာအပေါ်မှာ နောင်တမရခဲ့ပါဘူး။ သူ့အကြောင်းရိုက်ကူးထားတဲ့ The Last King of Scotland ဇာတ်ကားဟာလည်း ထင်ရှားပါတယ်။

ဟီဆန်ဟာဘရီ၊ ချဒ်

အာဖရိကတိုက်၊ ချဒ် နိုင်ငံက အာဏာရှင်ဟီဆန်ဟာဘရီဟာ ဆီနီဂေါမှာ သာယာတဲ့ ဘဝမျိုးနဲ့ ဆယ်စုနှစ်များစွာ နေသွားခဲ့ပါတယ်။ ဒုတိယမိန်းမထပ်ယူပြီး အိမ်နှစ်ဆောင်မီးနှစ်ပြောင်နဲ့ မိသားစုနှစ်စု နေခဲ့ပါတယ်။ ဆီနီဂေါမှာ သူနဲ့ခင်တဲ့သူတွေကတော့ ဒီလူဟာ ရက်စက်တဲ့ အာဏာရှင်လို့တောင် မထင်ရဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့အိမ်က အမှိုက်ပုံးထဲ ဘေးအိမ်က အမှိုက်ပစ်လို့ ပြဿနာတက်တဲ့အချိန်မှ ရန်လိုတဲ့ဇာတိရုပ်ပေါ်တယ်လို့ ပြောကြပါတယ်။ ၁၉၈၂ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဟာဘရီဟာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နိုင်ငံရေးအရ သတ်ဖြတ်မှုတွေကြောင့် ထင်ရှားပါတယ်။ သူ့စစ်အစိုးရဟာ အကျဉ်းထောင်ကွန်ရက်ကြီးတခုတည်ဆောက်ခဲ့ပြီး လူ ၄၀,၀၀၀ လောက် သေကျေစေခဲ့သလို မုဒိမ်းကျင့်တာ၊ သူ့စစ်သားတွေအတွက် အမျိုးသမီးတွေကို လိင်ကျွန်ပြုခဲ့တာတွေကြောင့် ထင်ရှားသူဖြစ်ပါတယ်။ ၁၉၉၀ မှာ ချဒ်နိုင်ငံကနေ ထွက်ပြေးတော့ ဒေါ်လာ ၁၁ သန်းလောက် သယ်သွားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ နိဂုံးတော့မလှခဲ့ပဲ ၂၀၁၆ မှာ သမိုင်းဝင်တရားခွင်နဲ့ သူ့ကို တရားစီရင်နိုင်ခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ထောင်တသက်ကျခဲ့ပြီး ၂၀၂၁ မှာ ကိုဗစ်ဖြစ်ပြီး သေခဲ့ပါတယ်။

ယန်းကလောက်ဒီ ဒူဗာလီယာ ၊ ဟေတီ

ဟေတီ အာဏာရှင် ယန်းကလောက်ဒီ ဒူဗာလီယာကတော့ ၁၅ နှစ်ကြာအာဏာရပြီးတော့ ၁၉၈၆ မှာ ထွက်ပြေးခဲ့သူဖြစ်ပါတယ်။ လုယက်၊ ညှဉ်းပန်း၊ သတ်ဖြတ်မှုတွေနဲ့ ကျော်ကြားတဲ့ ဒီပုဂ္ဂိုလ်ဟာ LV လက်ကိုင်အိတ်တွေ ထရပ်ကားအစီးလိုက်တိုက် သယ်ပြီး ပြင်သစ်ကို ပြေးတာဖြစ်ပါတယ်။ ဆွစ်ဇာလန်ဘဏ်တွေမှာလည်း ဒေါ်လာသန်းနဲ့ချီထည့်ထားသူဖြစ်ပါတယ်။

နိုင်ငံအများအပြားက သူ့ကိုလက်မခံပေမဲ့ ပြင်သစ်မှာတော့ ပါရီမြို့ပြင်မှာ အိမ်ကြီးတလုံး၊ ဖရန့်ချ်ရီဗာရီးယားဒေသမှာ အိမ်ကြီးတလုံးနဲ့ဇိမ်ကျကျနေခဲ့တဲ့အပြင်  ဇိမ်ခံကားတွေအမြန်မောင်းလို့ နာမည်ကြီးသူဖြစ်ပါတယ်။ ပြင်သစ်နာမည်ကျော် ဖက်ရှင်ဘရန်း ဂျီဗန်ရှီက ထုတ်တဲ့ အဝတ်အထည်တွေကို ဒေါ်လာသိန်းနဲ့ချီပြီး ဝယ်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ဇနီးနဲ့ ကွာရှင်းပြီးနောက်ပိုင်း မွဲပြာကျသွားတယ်လို့ ဆိုပါတယ်။ ဇိမ်ခံကားတွေကနေ ဆီဒင်ကားလေးနဲ့၊ အိမ်ကြီးရခိုင်ကနေ အိပ်ခန်းနှစ်ခန်းပါ အခန်းလေးနဲ့ ဖြစ်သွားပါတယ်။  သူမသေမီ သုံးနှစ်အလို ၂၀၁၁ မှာ ဟေတီပြန်လာခဲ့ပြီး အလွဲသုံးစားမှုတွေ၊ အခြားရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ မြို့တော် ပို့အော်ပရင့်စ်က အဆင့်မြင့်ဟိုတယ်မှာပဲ သေတဲ့အထိ နေသွားခွင့်ရခဲ့ပါတယ်။

ဆင်ဂ်မန်ရီး ၊ တောင်ကိုရီးယား

တောင်ကိုရီးယားရဲ့ ပထမဆုံးသမ္မတ ဆင်ဂ်န်ရီးဟာ၊ အမေရိကန်နောက်ခံနဲ့ အာဏာရလာခဲ့ပေမဲ့ သူ့အစိုးရကတော့ ဒီမိုကရေစီနမူနာကောင်းမဟုတ်ခဲ့ပါဘူး။ (ကိုရီးယားအသံထွက်အမှန်အတိုင်းဆိုရင် တော့  မျိုးရိုးနာမည်ရှေ့ပြန်ရောက်ပြီး  အနီးစပ်ဆုံး အသံထွက်အမှန်က အီဆွန်မန် လို့ ထွက်ရမှာဖြစ်ပါတယ်။) ၁၉၄၈ ကနေ ၁၉၆၀ အထိ သမ္မတသက်တမ်း အတွင်းမှာ  ဆင်ဂ်မန်ရီးဟာ သူ့ကိုဆန့်ကျင်တဲ့ လွှတ်တော်အမတ်တွေကို ရှင်းလင်းခဲ့သလို ရက်ရက်စက်စက်ဖိနှိပ်၊ သတ်ဖြတ်မှုတွေကိုလည်း ကြီးကြပ်ခဲ့သူဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ ဂျေဂျူးကျွန်း က လူထုအုံကြွမှုဖြစ်ပြီး အဲဒီမှာတင် လူ ၃၀,၀၀၀ လောက် အသတ်ခံခဲ့ရပါတယ်။ ၁၉၆၀ မှာ ဆန္ဒပြပွဲတွေကြောင့် သူ့အုပ်ချုပ်မှု အဆုံးသတ်ခဲ့အပြီးမှာ ဟာဝိုင်အီမှာ ခိုလှုံခဲ့ပါတယ်။ သူနဲ့ သူ့ဇနီးဟာ မိတ်ဆွေ ကိုရီးယားသားတယောက်က ထောက်ပံ့ပေးထားတဲ့ တဲအိမ်လေးမှာ နေခဲ့ရပြီး  ဝင်ငွေလည်းမရှိတဲ့အတွက် ချို့ချို့တဲ့တဲ့နဲ့ ဘဝနိဂုံးချုပ်ခဲ့ရပါတယ်။

ဖာဒီနန်မားကို့စ် ၊ ဖိလစ်ပိုင်

ပုံမှန်ဆိုရင်တော့ ထွက်ပြေးတဲ့အာဏာရှင်တွေဟာ ဒီမိုကရေစီနိုင်ငံတွေကို ရှောင်လေ့ရှိပါတယ်။ ဒါပေမဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တချိန်က ကိုလိုနီအရှင်သခင်ဖြစ်ခဲ့တဲ့ နိုင်ငံကို ပြေးတဲ့ အာဏာရှင်တွေလည်း ရှိပါတယ်။ ၁၉၈၆ မှာ ဖိလစ်ပိုင် ရွေးကောက်ပွဲ မဲမသမာမှုကို လူထုက ဆန္ဒပြကန့်ကွက်ချိန်မှာ သမ္မတ ဖာဒီနန်မားကို့စ်အနေနဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းမဲ့အစား နိုင်ငံက ထွက်ခွာဖို့ အမေရိကန်က တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ ဖိလစ်ပိုင်မှာ ဒီမိုကရေစီနည်းကျ အုပ်စိုးတဲ့ခေတ်ကို ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းနိုင်ခဲ့သလို၊ မားကို့စ်လည်း ဆင်ဂ်မန်ရီးလိုပဲ ဟာဝိုင်အီမှာ ခြေချနိုင်ခဲ့ပါတယ်။ မတူတာကတော့ မားကို့စ်ဘဝ က ဇိမ်ကျကျနေနိုင်ခဲ့ပြီး သူ့ဇနီးအီမဲလ်ဒါဟာ အင်မတန်ခမ်းနားတဲ့ ပါတီပွဲကြီးတွေ ပုံမှန်ကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မားကို့စ်ဟာ သံချပ်ကာ မာစီးဒီးဗင့်ဇ် 500 SEL ကားကြီးနဲ့ ဟန်ကျပန်ကျနေခဲ့ရတာပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဂတိလိုက်စားမှုတွေ အင်မတန်သတင်းထွက်ပေမဲ့ ဖိလစ်ပိုင်က အမေရိကန်စစ်စခန်းတွေကို ကာကွယ်ဖို့ ဝါရှင်တန်က မားကို့စ်ကို ချော့ပေါင်းခဲ့တာဖြစ်ပါတယ်။ သူတို့ထွက်ပြေးချိန်မှာ ဇနီးသည်ချန်ထားခဲ့တဲ့ ထောင်နဲ့ချီတဲ့ ဖိနပ်တွေ၊ အဝတ်အထည်တွေ၊ လက်ကိုင်အိတ်တွေကတင် သူတို့ဘယ်လို သုံးဖြုန်းခဲ့သလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။ မားကို့စ်ဟာ ၁၉၈၉ မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျူနီယာကတော့ ၂၀၂၂ မှာ ဖိလစ်ပိုင် သမ္မတအဖြစ်  ရွေးကောက်ခံခဲ့ရပြီး တိုင်းပြည်ကို လက်ရှိအချိန်အထိ အုပ်ချုပ်နေပါတယ်။

ရှိတ်ဟာစီနာ၊ ဘင်္ဂလားဒေ့ရှ်

လူရာချီသေဆုံးစေခဲ့တဲ့ အစိုးရဆန်ကျင်ရေးဆန္ဒပြပွဲတွေကြောင့်  ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။ ဟာစီနာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တဦးအဖြစ်ကနေ အတိုက်အခံတွေကို ဖိနှိပ်ပြီး အာဏာရှင်ဆန်ဆန် တပါတီအုပ်ချုပ်ရေးပုံစံ ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ အစိုးရဝန်ထမ်းခန့်အပ်မှု ခွဲတမ်းစနစ်ကို မကျေနပ်လို့ ဆန္ဒပြရာကနေ ဟာစီနာအစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုအပေါ် အရပ်ရပ်မကျေနပ်တဲ့ ဆန္ဒပြပွဲကြီးတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ မူလကတော့ ဟာစီနာဟာ အိန္ဒိယမှာခဏပဲနေမယ်လို့ မျှော်လင့်ရပေမဲ့ အခုတော့ လနဲ့ချီရှိပြီဖြစ်ပါတယ်။ သူ့ကို ဒေလီက ဘန်ဂလိုတလုံးမှာ လုံခြုံရေးအပြည့်နဲ့ ထားတယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကတော့ သူ့ကို ဖမ်းဝရမ်းထုတ်ပြီး နိုင်ငံတွင်းပြန်ခေါ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အာဏာရှင်တွေထဲမှာ သတ္တိရှိတဲ့ သူတချို့ကတော့ ခွေးသေဝက်သေပဲ သေသေ ကိုယ့်နိုင်ငံမှာပဲ နောက်ဆုံးအချိန်အထိ ခံချတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူရဲဘောကြောင်တဲ့ကောင်တွေကတော့ ပြေးပေါက်ကို အရင်ဆုံးရှာထားကြပါတယ်။ ဒီလိုအာဏာသေ အရှင်ထွက်အများစုဟာ တိမ်းရှောင်ဖို့၊ ခိုလှုံဖို့၊ ကိုယ်လွတ်ရုန်းဖို့ ကြိုပြင်ထားလေ့ရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ နောက်ဆုံးကျရင် အောက်လက်ငယ်သား “ငမိုက်သားမုဆိုးတွေချည်းပဲ” ခံရတာဖြစ်ပြီး အာဏာရှင်မိသားစုတွေကတော့ အထုပ်နဲ့အထည်နဲ့ ဘဝကို ချမ်းချမ်းသာသာကုန်လွန်ကြလေ့ရှိတာကိုတော့ ဘင်အလီကစလို့ အာဆတ် အဆုံး ခေတ်သမိုင်းရဲ့ ကိုယ်လွတ်ရုန်းသွားတဲ့ အာဏာရှင်တွေက သက်သေခံနေကြပါတယ်။

စိုင်းခေတ်နွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024