Home
မြန်မာသတင်း
ဇလွန်တွင် စစ်ကောင်စီက ပဲစိုက်ခင်းများ ဖျက်ဆီးခိုင်းပြီး နေကြာကို အတင်းအကျပ် စိုက်ခိုင်း
DVB
·
December 27, 2024
Photo : Min Oo

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ စစ်ကောင်စီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ သမဝါယမဦးစီးဌာနက ဝန်ထမ်းတွေက ဒေသခံ တောင်သူတွေ စိုက်ထားပြီးဖြစ်တဲ့ မတ်ပဲစိုက်ခင်းတွေကို ဝန်ကြီးဌာန အမိန့်အရဆိုကာ ဖျက်ဆီးခိုင်းပြီး နေကြာပြန်လည်စိုက်ပျိုးခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တောင်သူတယောက်က “မတ်ပဲက ဈေးမရဘူးပေါ့၊ ဆီက ပြည်တွင်းမှာကို အဆမတန် လိုအပ်နေတာဆိုပြီး နေကြာ စိုက်ခိုင်းတာ။ နေကြာ မစိုက်ဘူးဆိုရင် ဖမ်းဆီးအရေးယူမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ သမဝါယမ ဦးစီးဌာန ရုံးတွေကို တောင်သူတွေကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်ပြောဆိုတာ” လို့ ပြောပါတယ်။

အဲဒီ ဒေသခံတောင်သူတွေက စိုက်ပျိုးထားပြီးဖြစ်တဲ့ မတ်ပဲစိုက်ခင်းတွေကို ဖျက်ဆီးနေရတာကြောင့် စိုက်ပျိုးစရိတ်နဲ့ သီးနှံထွက်ကုန်တန်ဖိုးတွေပါ ဆုံးရှုံးပြီး နေကြာ စိုက်ပျိုးဖို့အတွက် စိုက်ပျိုးစရိတ်ကိုလည်း ဝန်ကြီးဌာနက ထောက်ပံ့ပေးခြင်း မရှိတာကြောင့် ကိုယ်တိုင်စိုက်ထုတ်ပြီး စိုက်ပျိုးရမယ့် အခြေအနေဖြစ်နေကာ နစ်နာဆုံးရှုံးမှုတွေနဲ့ အချိန်ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စိုက်ပျိုးရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “ဟုတ်တယ်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးရုံးနဲ့ သမဝါယမရုံးတွေက လယ်သမားတွေခေါ် ဖိအားပေးပြောတာ။ စိုက်ပြီးသား မတ်ပဲခင်းတွေ ဖျက်ရတော့ တောင်သူတွေပဲ ဆုံးရှုံးတာပေါ့။ နေကြာမစိုက်ရင် ဖမ်းဆီးမယ် ပြောတာလည်း ဟုတ်တယ်” လို့ ပြောပါတယ်။

အဲဒီ ဒေသခံ တောင်သူလယ်သမားတွေဟာ နှစ်စဉ်စိုက်နေကြအတိုင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် စိုက်ပျိုးထားတဲ့ မတ်ပဲစိုက်ခင်းတွေဟာ အသီးအပွင့် ဝင်နေပြီးဖြစ်တဲ့ ပဲခင်းတွေကို ဖျက်ဆီးနေရတာဖြစ်ပြီး မတ်ပဲစိုက်ခင်းတွေ အထွက်နှုန်း၊ အရည်အသွေး ကောင်းဖို့အတွက် ပြင်ဆင်သုံးစွဲခဲ့တဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မတ်ပဲမျိုးသန့် စရိတ်တွေပါ ဆုံးရှုံးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024