Home
နိုင်ငံတကာ
ဟေတီ ပြည်သူ့ဆေးရုံဖွင့်လှစ်ပွဲတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး
DVB
·
December 25, 2024
Photo: Reuters

ဟေတီနိုင်ငံရဲ့ အကြီးဆုံး ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာဖို့ စီစဉ်ထားတဲ့ အစိုးရ သတင်းစာရှင်းလင်းပွဲအတွက် စုဝေးရောက်ရှိနေကြတဲ့ သတင်းထောက်အုပ်စုကို ဒီဇင်ဘာ ၂၄ ရက်မှာ လက်နက်ကိုင်တွေက ပစ်ခတ်မှုကြောင့် အနည်းဆုံး  ၃ ယောက် သေဆုံးပြီး  ဒဏ်ရာရသူတွေလည်းရှိကြောင်း ဒီတိုက်ခိုက်မှုရဲ့ မျက်မြင်သက်သေတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်းထောက် ၂ ယောက်နဲ့ ရဲအရာရှိတယောက် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ အမည်မဖော်လိုသူ သတင်းထောက်ယောက်က ပြောပါတယ်။

မြို့တော် ပို့ထ်-အော-ပရင့်စ်ရဲ့ မြို့လယ်မှာ ဟေတီကျန်းမာရေးဝန်ကြီးအသစ်က သတင်းစာရှင်းလင်းပွဲ လုပ်ဖို့အတွက် ဂျာနယ်လစ်တွေကို ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ဆေးရုံကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ ဝန်ကြီးကို စောင့်မျှော်နေကြချိန် မနက် ၁၁ နာရီလောက်မှာ ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ သတင်းထောက်တွေဟာ ကြမ်းပြင်ပေါ်မှာ စုပြုံနေကြပြီးတော့ ပစ်ခတ်မှုအပြီးမှာ နံရံတခုပေါ် ကျော်တက်ပြီး ဆေးရုံကနေ ထွက်ခွာသွားကြတာကို တွေ့မြင်ရပါတယ်။

ဟေတီနိုင်ငံ သမ္မတအသွင်ကူးပြောင်းရေးကောင်စီရဲ့ ဥက္ကဋ္ဌ လက်စ်လီ ဗော်လ်တိုင်းယားက အဲဒီတိုက်ခိုက်မှုကို လက်မခံနိုင်ဘူးလို့ ပြောကြားလိုက်ပြီး ရာဇဝတ်မှုတွေကို အရေးမယူဘဲ ကျော်သွားမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အင်အားနည်းတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာတုံ့ပြန်မှု အနည်းငယ်သာရှိတဲ့ ဟေတီမှာ လက်နက်ကိုင်ဂိုဏ်းတွေက နယ်မြေတွေ သိမ်းပိုက်ထားတာကြောင့် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မြို့တော်နဲ့ ပတ်ဝန်းကျင် ကျေးလက်ဒေသတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပါတယ်။

မြို့တော် ပို့ထ်-အော-ပရင့်စ်ကို အလုံးစုံနီးပါး ထိန်းချုပ်ထားပြီး ကျန်နယ်မြေအစိတ်အပိုင်း အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် နေရာဝင်ယူဖို့ ကြိုးစားနေကြတဲ့ ဟေတီရှိ လက်နက်ကိုင်ဂိုဏ်းတွေဟာ အစိုးရအပေါ် သူတို့ရဲ့ အင်အားလက်ရုံးကို ပြသဖို့ ဆေးရုံတွေကို ပစ်မှတ်ထားပြီး အများစုကို ပိတ်ပစ်ဖို့ ဖိအားပေးနေတာပါ။

အထွေထွေဆေးရုံကြီးလို့ လူသိများတဲ့ ဟေတီ ပြည်နယ်တက္ကသိုလ်ဆေးရုံဟာ နိုင်ငံရဲ့ အကြီးဆုံးပြည်သူ့ဆေးရုံ ဖြစ်ပေမဲ့ ဟေတီမှာ ဂိုဏ်းဖွဲ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လကတည်းက ဆေးရုံကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013