Home
မြန်မာသတင်း
အိမ်အကူမိန်းကလေးငယ်အား ရိုက်နှက်နှိပ်စက်ခဲ့သည့် အိမ်ရှင်ကို အမှုဖွင့်အရေးယူ
DVB
·
December 23, 2024

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးအား ဆေးရုံတက် ဆေးကုသမှုခံရတဲ့အထိ ရိုက်နှက် နှိပ်စက်ခဲ့တဲ့ အိမ်ရှင်လင်မယားကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မိန်းကလေးငယ်ဘက်က ကူညီဆောင်ရွက်ပေးနေတဲ့သူဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ၂၅ ရက်ကွက်နေ ဦးစံထွေး၊ ဒေါ်သန္တာစိုးတို့ရဲ့နေအိမ်မှာ ကလေးထိန်းအဖြစ် အလုပ်ဝင်ရောက်လုပ်ကိုင်နေတဲ့ မိန်းကလေးကို အိမ်ရှင်လင်မယားက ညှဥ်းပန်းနှိပ်စက်လို့ အင်းစိန်ဆေးရုံမှာ ဆေးကုသခံရတဲ့အထိ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမိန်းကလေးကို အိမ်ရှင်လင်မယားအပါအဝင် အိမ်ရှိ အလုပ်သမားကပါ ဝင်ရောက်ရိုက်နှက်၊ ညှဥ်းပန်းလို့ ဝဲချိုစောင်းပေါက်ပြဲ၊ ဝဲနားထင်ဖူးရောင်၊ ကျောကုန်းဖူးရောင် ညိုမည်းစွဲ၊ ယာဘက်ပခုံးဒဏ်ရာ၊ ဝဲဘက် လက်မောင်းနာကျင် ဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ ယာဘက်လက်ဖျံ ဒဏ်ရာ၊ ဝဲဘက် ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ညာဘက်ခြေသလုံး ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် နံရိုး ၂ ချောင်းနဲ့ လက်ချောင်းတချောင်း ကျိုးဒဏ်ရာတို့ ရရှိခဲ့တာလို့ ကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။

“ကလေးမလေးက တောက်လျှောက်နှိပ်စက်ခံရတာ။ နောက်ဆုံး အဲဒီအိမ်မှာ အချိန်ပိုင်း အိမ်အကူ လာလုပ်တဲ့ အမျိုးသမီးက အိမ်ရှင်တွေမရှိတုန်း လွှတ်ပေးလိုက်ပြီး ရပ်ကွက်ရုံးက သူတွေကို အကူညီတောင်းတယ်။ အဲဒီအခါကျမှ ဆေးရုံတင်ကုသမှုခံရတာ။ အခုတော့ ဆေးရုံက ဆင်းသွားပြီ။”

ရိုက်နှက်ခံရတဲ့ မိန်းကလေးဟာ မိသားစုစားဝတ်နေရေးကြောင့် အဲဒီအိမ်မှာ ဇူလိုင်လကတည်းက ကလေးထိန်းအလုပ်နဲ့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး စတင်ဝင်ရောက်စဥ်က နေစားငြိမ်း တလကို ငွေကျပ် တသိန်းရမယ် ဆိုပေမဲ့ ဝင်ရောက်ပြီးနောက် အိမ်အကူအလုပ်တွေကိုပါ လုပ်ကိုင်ရသလို ဒုတိယလမှစတင်ကာ ငွေကျပ် ၇၀၀၀၀ ပဲရတော့တယ်လို့ ဆိုပါတယ်။

အလုပ်စဝင်တဲ့နေ့ကစပြီး  မိသားစုနဲ့  တွေ့ဆုံခွင့် မရရှိခဲ့သလို အပြင်ဧည့်သည်နဲ့လည်း တွေ့ဆုံခွင့် မရရှိခဲ့ဘဲ ဆေးရုံတက်မှ မိသားစုနဲ့တွေ့ခွင့်ရတာလို့ သိရပါတယ်။

မိန်းလေးကိုကူညီပေးနေသူက “သမီးကို ထမင်းကျွေးတဲ့ရက်လည်း ကျွေးတယ်။ မကျွေးတဲ့ရက်လည်း မကျွေးဘူး။ စကားပြောရင်း တံတွေးစဉ်သွားလို့ ပါးစပ်ကို သံပေတံနဲ့ ရိုက်တယ်။ သူတို့ အပြင်သွားပြီး ပြန်လာလို့ စိတ်မကြည်ရင်လည်း သမီးအရိုက်ခံရတယ်။ သူ့ကလေးမုန့်တွေကို သမီးက ခိုးစားတယ်ဆိုပြီးတော့လည်း ရိုက်တယ်။ တရက်မှာ ၅ ခါလောက်က အမြဲအရိုက်ခံရတယ်။ လက်သီးတွေနဲ့လည်း ထိုးတယ်။ ဝါးကျစ်လုံးတွေနဲ့လည်း ရိုက်ကြတယ်။ အရိုက်ခံရလို့ နာလို့ဆိုပြီး ငိုမိ၊ အော်မိရင် ပိုရိုက်တယ်။ အသေသတ် အပိုင်းခုတ်ပြီး ဆာလာအိတ်ထဲ ထည့်မယ်လို့လည်း ပြောတယ်” လို့ ပြောပါတယ်။

အဲဒီမိန်းကလေးငယ်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေကို လှော်ကားရဲစခန်းမှာ ပုဒ်မ ၃၂၃ သာမန်နာကျင်စေမှု၊ ပုဒ်မ ၃၂၅ အပြင်းထန် နာကျင်စေမှု၊ ပုဒ်မ ၃၅၄  ကာယိန္ဒြေပျက်စီးစေပြီး အနိုင်အထက်ပြုမှုနဲ့ ပုဒ်မ ၁၁၄ အားပေးကူညီမှုတို့နဲ့ အမှုဖွင့် တိုင်ကြားထားပြီး လက်ရှိမှာ အာမခံယူထားတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် အသက်မပြည့်သေးတဲ့ကလေးကို ခိုင်းစေမူ၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် ဆက်ပြီး တိုင်ကြားဖို့ရှိသလို လုပ်ခလစာအပြည့်မပေးတာနဲ့ ပတ်သက်လို့လည်း ကူညီဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013