Home
မြန်မာသတင်း
ရွှေကုက္ကိုလ်တွင် နိုရိုဗိုင်းရပ်စ်ရောဂါကြောင့် ၃ ဦး သေဆုံး၊ နယ်စပ်လမ်း အချို့ပိတ်ထား 
DVB
·
December 23, 2024

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်စီးပွားရေးဇုန်မှာ လူပေါင်း ၃၀၀ ကျော်  နိုရိုဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေပြီး ၃ ယောက် သေဆုံးသွားပြီဖြစ်တာကြောင့် ထိုင်းဘက်ခြမ်းက နယ်စပ်လမ်းတချို့ကို ယာယီပိတ်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ရောဂါကူးစက်ခံရသူအများစုဟာ တရုတ်နဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး ရွှေကုက္ကိုလ် ကျန်းမာရေးဌာနက ကမ္ဘာ့ကျန်းမာရေးအ WHO က ဝေငှထားတဲ့ နိုရိုဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ကိရိယာနဲ့ စစ်ဆေးရာမှာ ပေါ့စတစ်ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

လူနာတွေကုသပေးဖို့ ရွှေကုက္ကိုလ်ကျန်းမာရေးဌာနက ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် မယ်လမတ်မြို့နယ် ကျန်းမာရေးဌာနကို အကူအညီတောင်းခဲ့တာမှာ ထိုင်းဘက်ကလည်း ဆေးဝါးနဲ့ ကုသရေးကရိယာ တချို့ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ 

CH3 ထိုင်းရုပ်သံရဲ့  ဒီဇင်ဘာ ၂၀ ထုတ်လွှင့်သွားတဲ့သတင်းမှာ ရွှေကုက္ကိုလ်မှာ ကူးစက်နေတဲ့ နိုရိုဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၃ ယောက်ရှိကြောင်းနဲ့  ၅၆ ယောက်က  ရောဂါပြင်းထန်တယ်လို့ ဆိုပါတယ်။

TNN ထိုင်းတီဗွီသတင်းမှာတော့ လက်ရှိ မဲဆောက်ပြည်သူ့ဆေးရုံကြီးမှာ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာ ၂ ယောက် တက်ရောက်ကုသနေကာ အဆိုပါလူနာ ၂ ယောက်ဟာ မြန်မာဘက်ခြမ်းကနေ လာရောက်ကုသတာလို့  ထုတ်လွှင့်သွားပါတယ်။

ဒါကြောင့် တာ့ခ်ခရိုင်ကျန်းမာရေးဦးစီးဌာနကရော၊ နယ်စပ်လုံခြုံရေးတာဝန်ယူထားရတဲ့ ထိုင်းစစ်တပ် နရေးဆွန်စစ်ကြောင်းကပါ ခရိုင်တွင်း နိုရိုရောဂါကူးစက်ပြန့်ပွားမှု ဟန့်တားကာကွယ်ရေးအတွက် အရှိန်မြင့်ဆောင်ရွက်နေပါတယ်။

ခရိုင်ကျန်းမာရေးဌာနအနေနဲ့  EOC ခေါ် အရေးပေါ်ကုသရေးစင်တာ ဖွင့်လှစ်တာ၊ ပြည်သူတွေ အနေနဲ့ Mask နှာခေါင်းစည်းတပ်ဖို့၊ တစုံတရာ ကိုင်ဆောင်ပြီးတိုင်း လက်ဆေးဖို့၊  သန့်ရှင်းသောရေသာ သောက်သုံးပြီး အစားအသောက်ကို သန့်ရှင်းစွာ ချက်ပြုတ်စားသုံးဖို့၊ ရောဂါ ရှိသတွေနဲ့ လက်ပွန်းတတီးမနေဘဲ မိမိတွင် မသင်္ကာဖွယ် နေထိုင်မကောင်းတဲ့အခါ ဆရာဝန်နဲ့ ပြသဖို့ အကြံပြု တိုက်တွန်းနှိုးဆော်ထားပါတယ်။

ထိုင်းစစ်တပ်ဘက်ကလည်း ၂ နိုင်ငံ နယ်စပ်နေပြည်သူတွေအနေနဲ့ အကြောင်းတစုံတရာ အရေးမကြီးပါက နယ်စပ်ဖြတ်ကူးတာ ရှောင်ကြဉ်ဖို့၊ ဒါ့အပြင် ဖုပ်ဖရ-မဲဆောက် နဲ့ မယ်လမတ်မြို့နယ်က နယ်စပ်တလျှောက် တောလမ်း၊ ရေလမ်းနဲ့ ကျေးရွာလမ်းတွေကို  တလတာ ယာယီပိတ်ပင်ထားပြီး  အခြေအနေပေါ် မူတည်ပြီးမှ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။

ဒီကြားထဲ တရားမဝင် ဝင်ရောက်မှုတွေ မရှိရအောင် လုံခြုံရေးတပ်ဖွဲ့အင်အားတိုးမြှင့်ချထားပြီး တင်းကျပ်စွာစစ်ဆေးနေတယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့သတင်းမှာ ဖော်ပြထားပါတယ်။ 

Source:  CH3 / TVV / Royal Thai Army

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024