ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆတ်တဟိပ်မြို့နယ်ရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးပြီး အလုပ်သမား အယောက် ၁၀၀ ဖမ်းဆီးခဲ့တယ်လို့ Police TV ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆပ်တဟိပ်မြို့နယ်၊ ရပ်ကွက် ၆ ရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမှာ တရား မဝင်အလုပ်သမားတွေ အများအပြားဝင်ရောက်နေထိုင်နေကြောင်း သတင်းပေးချက်ရတဲ့အတွက် ပတ္တယားလဝက ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ အဆိုပါနေရာကို ဒီဇင်ဘာ ၁၇ ရက် မနက်က ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ ပါတယ်။
အဲဒီနေရာမှာ သွပ်ပြားတွေကို အခန်းဖွဲ့နေထိုင်ကြတဲ့ တန်းလျားကြီးဖြစ်ပြီး တာဝန်ရှိသူတွေ ရောက်သွားချိန်ဟာ အလုပ်ချိန်နီးပြီမို့ အလုပ်သမားတချို့က ရေမိုးချိုး ၊ တချို့က ထမင်းစားနေကြတယ်၊ တချို့က လန့်ပြီးထွက်ပြေးပုန်းရှောင်ကြတယ်၊ တချို့ ကလည်း ကြောင်ပြီးကြည့်နေတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ထွက်ပြေးသူတွေလိုက်ခေါ်ပြီး အားလုံးကို တန်းလျားရှေ့မှာ စုဝေးစေခဲ့တာမှာ ၊ အမျိုးသား ၉၂ ယောက်နဲ့ အမျိုးသမီး ၈ ယောက်ကို စစ်ဆေးတွေ့ရပြီး သူတို့ အားလုံးဟာ ဆောက်လုပ်ရေးအလုပ်သမားတွေလို့ သိရပါတယ်။
သူတို့ထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားအလုပ်သမားတွေပါရှိပြီး တာဝန်ရှိသူတွေက အားလုံးကို ၆ ဘီးကားနဲ့ လဝကရုံးကို ခေါ်ဆောင်သွားတယ်၊ အဲဒီမှာ အထောက်အထားတွေ မပြည့်စုံတဲ့သူတွေကို စစ်ဆေးအရေးယူသွားမယ်လို့ သတင်းမှာဖော်ပြသွားပါတယ်။
လတ်တလောမှာ ထိုင်းအစိုးရက တရားမဝင်အလုပ်သမားတွေကို ဒီဇင်ဘာလကုန်ထိ နေထိုင်ခွင့်အထောက်အထားလုပ်ဖို့ မှတ်ပုံတင်ခွင့်ပြုနေပြီး တဘက်ကလည်း တရားမဝင် အလုပ် သ မားတွေကို ဖမ်းဆီးနှိမ်နင်းနေပါတယ်။
ဒီဇင်ဘာ ၁၉ ရက် မနက်မှာလည်း ကန်ကျနပူရီခရိုင် ထောာင်းဖာဖူးမြို့နယ် ထာ့ခနွန်အုပ်စု ဖာအန့်ရွာအနီးမှာ မသင်္ကာဘွယ် ဟိုင်းလပ်စ်ကားတစ်စီးကို တာဝန်ရှိသူတွေက တားဆီးစစ်ဆေးခဲ့ပြီး ကားပေါ်က တရားမဝင်မြန်မာအလုပ်သမား ၁၇ ဦးကို လမ်းပြသူ ထိုင်းယာဉ်မောင်းတယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Police TV News / Kanjanaburi News