Home
မြန်မာသတင်း
ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို တာဝေးပစ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
December 18, 2024
Photo-COBRA ONE Pakokku

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေကို ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ တာဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ထံက  သိရပါတယ်။

COBRA ONE Pakokku ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူက တပ်မ ၁၀၁၊ ခလရ ၂၅၁ နဲ့ ၂၅၂ တပ်တွေကို တာဝေးပစ်ရော့ကက် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို COBRA ONE Pakokku ၊ Burma Revolution Rangers ၊ BA NYEIN GUERRILLA Force နဲ့ TaTy PKU PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

COBRA ONE Pakokku တာဝန်ခံ ကိုမြွေဟောက်က “တပ်မ ၁၀၁ က ကြီးတော့ သူ့ကို ရော့ကက် ၄ လုံး၊ ခလရ ၂၅၁ နဲ့ ၂၅၂ ကိုတော့ ၂ လုံးစီ စုစုပေါင်း ၈ လုံး ပစ်ခတ်ခဲ့တာပါ။ ကျနော်တို့ ကိုယ်ပိုင်ထုတ် ရော့ကက်တွေနဲ့ပါ။ အဲဒီတပ်တွေနဲ့ ၃ မိုင်အကွာကနေ ပစ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ပစ်ခတ်လိုက်တဲ့ ရော့ကက်တွေရဲ့ ပေါက်ကွဲမှုက ၈၀ မမ တွေနဲ့ ညီမျှပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပခုက္ကူမြို့ပေါ်မှာ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေတာတွေအပြင် ပခုက္ကူမြို့နယ်ထဲက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာတွေ ပြုလုပ်နေတဲ့အတွက် အခုလို ပစ်ခတ်တိုက်ခိုက်ရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပစ်ခတ်ခဲ့တဲ့ တာဝေးပစ်ရော့ကက်တွေဟာ အဆိုပါ စစ်ကောင်စီတပ်တွေအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း  သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဒီဇင်ဘာ ၁၃ ရက်ကလည်း ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က စစ်ကောင်စီလက်အောက်ခံတွေဟာ ပခုက္ကူအနောက်ဘက်ခြမ်းက ရေလာကြီးကျေးရွာနဲ့ ဝါးကျွင်းတွင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024