ကရင်နီပြည်နယ် တနေရာမှာ အနုပညာနဲ့တော်လှန်မှုတခုအနေနဲ့ တောတွင်းသူပုန်ယဥ်ကျေးမှု အနုပညာပြပွဲတခု ဒီဇင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ Jungle Rebel's Culture အဖွဲ့က ပြောပါတယ်။
ဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ လက်မှုအနုပညာပြခန်းတွေ၊ အကအလှဖျော်ဖြေတင်ဆက်မှုတွေ၊ သရုပ်ဖော်တင်ဆက်မှုတွေ၊ တော်လှန်ရဲဘော်တွေရဲ့ သီချင်းသီဆိုဖျော်ဖြေမှုတွေကို ဝေဟင်က လေကြောင်းရန်ကြားကနေ အောင်မြင်အောင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
JRC က အဖွဲ့ဝင်တယောက်က "ကိုတောခိုကြီးရဲ့ တာဝန်ယူဦးဆောင်ပေးမှုနဲ့ အတူ ကရင်နီတော်လှန်ရေးအတွင်းမှာရှိတဲ့ ရဲဘော်အနုပညာရှင်တွေနဲ့ Jungle Rebel's Culture ဆိုတဲ့ အနုပညာရပ်ဝန်းလေးတည်ဆောက်ပြီး ပွဲကို ကိုယ်ထူကိုယ်ထပဲ သေချာပြင်ဆင်ပြီး ကျင်းပခဲ့တာဗျ"လို့ ပြောပါတယ်။
လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ အနုပညာဖန်တီးမှုတွေ၊ အနုပညာ ဖန်တီးမှုကတဆင့် တော်လှန်ရေးနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အထောက်အပံ့ ဖြစ်စေလိုမှုတွေ၊ အနုပညာဖန်တီးမှုရှိတဲ့ တော်လှန်ရဲဘော်တွေကို မွေးထုတ်ပေးလိုမှုတွေနဲ့ ဆက်လက်တင်ဆက်နိုင်ဖို့တွေအတွက် ရည်ရွယ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပွဲတက်ရောက်သူတယောက်က"တော်တော်ကြီးကိုပျော်တယ်။ တော်လှန်ရေးလုပ်ရင်းနဲ့ တောထဲမှာလည်း အနုပညာနဲ့ ထိုးဖောက်နိုင်လို့ ဂုဏ်ယူနိုင်တယ်။ အခက်အခဲကြားက အနုပညာကို ထုတ်ဖော်ပြတာကို သဘောကျတယ်။ တောထဲမှာလည်း ပွဲမရှိတာကြာပြီလေ"လို့ ပြောပါတယ်။
ကိုယ်ထူကိုယ်ထပွဲဖြစ်တဲ့အတွက် ရန်ပုံငွေ အခက်အခဲတွေ၊ အနုပညာဖန်တီးရာမှာ ပစ္စည်းလိုအပ်မှုရှိတာတွေ၊ တော်လှန်ရေး လုပ်ငန်းစဥ်တွေကြားက ဖန်တီးရတာတွေရှိခဲ့ပြီး အခက်အခဲတွေကြားကနေ ပွဲကို ဖြစ်မြောက်အောင်ကြိုးစားကာ ပွဲနေ့မှာလည်း နယ်ပယ်အသီးသီးက အနုပညာကို ချစ်မြတ်နိုးသူ အယောက် ၃၀၀ လောက် တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။
တောတွင်းအနုပညာပြပွဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရန်နဲ့ လေကြောင်းရန်ကြားကနေ ပြုလုပ်ဖန်တီးရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာလည်း တော်လှန်အနုပညာပြပွဲ ကျင်းပခဲ့ပါတယ်။