ဖူဟမ်နဲ့ပွဲမှာ အနိုင်မရခဲ့တဲ့အပေါ် အာဆင်နယ်နည်းပြ အာတေတာက စိတ်ပျက်စကား ဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို ဖိအားပေးနိုင်ဖို့ အနိုင်ရလဒ် လိုအပ်ခဲ့ပေမဲ့ တဂိုးစီ သရေရလဒ်သာ ကစားနိုင်ခဲ့တာပါ။
ပွဲချိန်အစကနေ အဆုံးအထိ အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး ပြိုင်ဘက်အသင်းက အခွင့်အရေး တကြိမ်ကနေ တဂိုးသွင်းယူသွားခဲ့တာဖြစ်ကြောင်း၊ အနိုင်မရခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းမှာ ခံစစ်မှူး ဂါဘရီယယ်နဲ့ ကလာဖီအိုရီတို ဆက်လက်လွဲချော်ခဲ့ပြီး အခုနှစ်ရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၉ ကြိမ်အထိ လူအပြောင်းအလဲ ပြုလုပ်ခဲ့ရတာပါ။
ခံစစ်ပိုင်း လူထုတ်ပုံ အပြောင်းအလဲများခဲ့ပေမဲ့ တဦးချင်းအပေါ် သုံးသပ်ပြောဆိုလိုခြင်း မရှိကြောင်းလည်း နည်းပြအာတေတာက ပြောသွားပါတယ်။