Home
မြန်မာသတင်း
မှော်ဘီလေတပ်တိုက်ခိုက်ခံရပြီး အရာရှိစစ်သည် ၁၅ ဦးသေ၊ လေယာဉ် ၂ စင်း ပျက်စီး
DVB
·
December 7, 2024

ရန်ကုန်၊ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ပြီး လေတပ်အရာရှိနဲ့ စစ်သည် ၁၅ ယောက် သေဆုံးပြီး ထောက်ပို့လေယာဉ် ၁ စင်းနဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စင်း ပျက်စီးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ဒီဇင်ဘာ ၇ ရက် ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

မှော်ဘီလေတပ်စခန်းက လေယာဉ်ရုံတွေကိုပစ်မှတ်ထားပြီး ဒီဇင်ဘာ ၆ ရက်၊ ည ၁၀ နာရီလောက်က ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ ၃ ယောက်နဲ့ စစ်သည် ၁၂ ယောက်သေဆုံးပြီး Y 8 လေယာဉ် ၁ စင်းနဲ့ Y 12 လေယာဉ် ၁ စင်း ပျက်စီးခဲ့သလို လေတပ်စီမံခန့်ခွဲရေး လေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ယောက်နဲ့ တခြား အဆင့်စစ်သည် ၅ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တာကို ကနဦး စုံစမ်း သိရှိရတယ်လို့လည်း ဆိုပါတယ်။

ဂိုဒေါင်၊ ပြေးလမ်းနဲ့ စီမံခန့်ခွဲရုံးတို့လည်း မီးလောင်ပျက်စီးခဲ့ပြီး နောက်ထပ် ထိခိုက်တဲ့ အခြေအနေတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှော်ဘီမြို့ခံတွေကတော့ ညဘက်က ပေါက်ကွဲသံ အကျယ်ကြီး ၄ ကြိမ်ကြားခဲ့ရတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့နဲ့ မဟာမိတ် Shadow SAF အဖွဲ့တို့ ပူးပေါင်းပြီး BWM ရဲ့ Mission 25 အနေနဲ့ရော Shadow SAF အဖွဲ့ရဲ့ Urban Special Operation -U.S.O အနေနဲ့ရော လုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မှော်ဘီလေတပ်ဟာ ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီကမ်းရိုးတန်းကို အဓိက လေကြောင်း တိုက်ခိုက်နေတဲ့ လေတပ်စခန်းဌာနချုပ်ဖြစ်သလို နိုင်ငံတကာက စစ်နဲ့ အရေးကြီး ပစ္စည်းတွေကို လက်ခံဖြန့်ဖြူးတဲ့ အဓိကကျတဲ့ လေတပ်စခန်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တရုတ်ကလာတဲ့စစ်လက်နက်ပစ္စည်းတွေကိုထားတဲ့ အထိုင်စခန်းလည်း ဖြစ်တာကြောင့် အခုလိုတိုက်ခိုက်တာဖြစ်ပြီး လေတပ်ပြိုမစ်ရှင်တွေကိုလည်း BWM က မဟာမိတ်အဖွဲ့တွေနဲ့အတူ တစိုက်မတ်မတ်ဆက်လက်ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်တွေက မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလတုန်းကလည်း ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013