
အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက်မှ စစ်ပွဲဒဏ်ခံခဲ့ရတဲ့ မိသားစုတွေကို ဒေါ်လာ သန်း ၅၀ ကျော် ငွေသားလက်ဆောင် ပေးအပ်လိုက်ကြောင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအီးမ်ကက်ဆမ်က ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း အီရန်ပြည်သူတွေနဲ့ ဟစ်ဇ်ဘိုလာတို့က စစ်ဘေးဒဏ်သင့် မိသားစုတွေကို ငွေကြေးလက်ဆောင်တခု ပေးကြမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဒီလက်ဆောင်က တယောက်ကို ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ကြား ဖြစ်မယ်လို့ နာအီးမ်ကက်ဆမ်က ပြောပါတယ်။
သူတို့မှာ စာရင်းရှိထားတဲ့ မိသားစု ၂၃၃,၅၀၀ လုံးအတွက် စုစုပေါင်း ဒေါ်လာ ၇၇ သန်းကျော် ပေးသွားမှာဖြစ်တယ်လို့ ကက်ဆမ်က မိန့်ခွန်းထဲမှာ ပြောသွားပြီး အီရန်ကိုလည်း ဘဏ္ဍာငွေ ပံ့ပိုးမှုနဲ့ ဟစ်ဇ်ဘိုလာနဲ့အတူ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်လို့ မှတ်တမ်းပြု ပြောကြားသွားပါတယ်။
အခုချိန်ထိ ဟစ်ဇ်ဘိုလာဟာ မိသားစုပေါင်း ၁၇၂,၀၀၀ အတွက် ဒေါ်လာ ၅၇ သန်း ပေးဝေထားပြီး ဖြစ်တယ်လို့လည်း ကက်ဆမ်က ပြောပါတယ်။
ဟစ်ဇ်ဘိုလာဟာ စစ်ပွဲအတွင်း မူလနေအိမ်တွေ ပျက်စီးသွားရသူတွေကို ဒေါ်လာ ၈,၀၀၀၊ ဘေရွတ် သို့မဟုတ် သူ့ဆင်ခြေဖုံးတွေမှာ နေထိုင်သူတွေအတွက် တနှစ်စာငှားရမ်းခ ဒေါ်လာ ၆,၀၀၀ နဲ့ မြို့တော်အပြင်ဘက်မှာ နေထိုင်သူတွေအတွက်လည်း ဒေါ်လာ ၄,၀၀၀ ကို သူတို့နေအိမ်တွေဆီ ပြန်နိုင်တဲ့အထိ ထောက်ပံ့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီငွေကြေးတွေကို အီရန်နိုင်ငံက အဓိက ထောက်ပံ့ပေးမှာ ဖြစ်ကြောင်းလည်း ကက်ဆမ်က ပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ရှီးယိုက်အများစု နေထိုင်ရာ ဒေသတွေဖြစ်တဲ့ လက်ဘနွန် တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွေရှိ ဟစ်ဇ်ဘိုလာရဲ့ ထောက်ပံ့ရေးစခန်းတွေလို့ ဆိုတဲ့ နေအိမ်တွေ ပြိုပျက်ခဲ့ရပါတယ်။
အစ္စရေးနိုင်ငံကို ကုလသမဂ္ဂ၊ ပြင်သစ်နဲ့ လက်ဘနွန် တာဝန်ရှိသူတွေက အကြိမ်ပေါင်းများစွာ ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပေမဲ့ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ၁၄ လကြာ အပစ်အခတ်ရပ်စဲရေး အသက်ဝင်ခဲ့ပါတယ်။
အစ္စရေးကတော့ သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို လိုက်နာပြီး ဟစ်ဇ်ဘိုလာက ချိုးဖောက်နေတာလို့လည်း စွပ်စွဲထားပါတယ်။
Source : Reuters