Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာဆောင်ရွက်နေဟု အစ္စရေးပြော
DVB
·
December 3, 2024
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယွန် ဆားရ်။ (Photo : ISRAELI FOREIGN MINISTRY)

အစ္စရေးနဲ့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား တနှစ်ကျော်ကြာ ရန်လိုမှုတွေကို အဆုံးသတ်စေတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက လိုက်နာဆောင်ရွက်နေကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂစ်ဒီယွန် ဆားရ်က ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

လက်ဘနွန်မှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နားလည်မှုတွေကို ချိုးဖောက်နေတယ်လို့ ကြွေးကြော်သံတွေ ကြားနေရပြီး ဒါကို တဖက်ကကြည့်ရင် အစ္စရေးဟာ လက်ဘနွန်အာဏာပိုင်တွေ အခိုင်အမာ ပြောနေကြသလို သဘောတူညီချက်ကို ချိုးဖောက်တယ် ဆိုတာထက် ချက်ချင်း အရေးယူပေးဖို့ တောင်းဆိုထားတဲ့ ဟစ်ဇ်ဘိုလာရဲ့ ချိုးဖောက်မှုတွေကို အစ္စရေးက တုံ့ပြန်ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ အစ္စရေးက ကတိကဝတ် ပြုထားပေမဲ့လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်မှာ ရပ်တည်ခဲ့တဲ့အတိုင်း အခြေအနေကို ပြန်သွားမယ်ဆိုရင်တော့ လက်ခံမှာမဟုတ်ဘဲ ချိုးဖောက်မှုတွေ ပေါ်ပေါက်လာရင်တော့ အစ္စရေးက မဖြစ်မနေ တုံ့ပြန်သွားမယ်လို့ အလေးပေး ပြောကြားလိုကြောင်း ဂစ်ဒီယွန် ဆားရ်က ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက် အစောပိုင်းက လက်ဘနွန်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက် အစောပိုင်းမှာ စတင်အသက်ဝင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ လက်ဘနွန်ရှိ အရပ်သား၊ စစ်ဘက် သို့မဟုတ် တခြားပြည်နယ် ပစ်မှတ်တွေကို အစ္စရေးက ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုဖို့ ပြဋ္ဌာန်းထားပြီး လက်ဘနွန်ဟာ ဟစ်ဇ်ဘိုလာ အပါအဝင် ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို အစ္စရေးကို စစ်ဆင်ရေး ဆင်နွှဲခြင်းမှ တားဆီးမှာ ဖြစ်ပါတယ်။

လက်ဘနွန်နဲ့ အစ္စရေးတို့ဟာ အပစ်ရပ် သဘောတူညီမှုကို ဖောက်ဖျက်တယ်လို့ အပြန်အလှန် စွပ်စွဲနေကြပြီး ဒီဇင်ဘာ ၂ ရက်မှာတော့ ချိုးဖောက်မှုတွေက လူတွေသေသွားပြီလို့ လက်ဘနွန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနဟာ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးက ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ပြင်သစ်တို့ဟာ အစ္စရေးနဲ့ လက်ဘနွန်စစ်တပ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု အစီရင်ခံစာတွေ အားလုံးကို ကြည့်ပြီးတော့ ယန္တရားထူထောင်ထားတဲ့ လမ်းကြောင်းတွေကနေတဆင့် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက သတင်းထောက်တွေကို ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013