စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက နတ်ကြီးကျေးရွာကို အောက်တိုဘာ ၃ ရက် ည ၇ နာရီကျော်ကစတင်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ညပိုင်း လေကြောင်းတိုက်ခိုက်မှုမပြုခင် နေ့ခင်း ၂ နာရီကျော်က စတင်ပြီး ညနေ ၅ နာရီကျော်တဲ့အထိ စစ်တပ်က ဝေဟင်ကနေ လေယာဉ်နဲ့ ကင်းပတ်ထောက်လှမ်းပြီး ညပိုင်းမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ပထမဆုံး တိုက်လေယာဉ်နဲ့ နတ်ကြီးရွာ အရှေ့တောင်ဘက်ကို ၇ နာရီကျော်မှာ ၂ လုံး ကြဲချတယ်။ ဒုတိယအကြိမ်ကြတော့ ၁၀ နာရီခွဲကျော်မှာ ထပ်ပြီး ၂ လုံး လာကြဲတယ်။ နောက်ဆုံး ၄ ကြိမ်မြောက် ကြဲချတဲ့ ဗုံးသီးက အတော်လေးကို ကြီးမယ်ဗျ။ ကြားရတဲ့ ပေါက်ကွဲသံက အကျယ်ကြီးကို ကြားလိုက်ရပြီး မြေပြီးတွေပါ တုန်လှုပ်သွားတယ်ဗျ” လို့ ပြောပါတယ်။
နတ်ကြီးကျေးရွာဟာ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းနဖူးမှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ရွာတရွာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က ရွာထဲဝင်ပြီး အကြိမ်ကြိမ် မီးရှို့ခဲ့တာကြောင့် ပြည်သူနေအိမ် ၁၅၀ ကျော် မီးလောင်ဆုံးရှုံးထားတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
နတ်ကြီးရွာ ကျန်းမာရေး CDM ဆရာတယောက်က “ပစ်ခတ်ဗုံးကြဲတာက ၃ ကြိမ် လာပစ်တာ။ ရွာရဲ့ တောင်ဘက် ကပ်လျက်ရှိတဲ့ ကုက္ကိုပင်ဆိပ်ကမ်းကို ၃ လုံး ကြဲချတယ်။ နောက်ပြီး ရွာရဲ့ အရှေ့တောင်ဘက်ကိုလည်း ကြဲချတယ်။ ဗုံးသီး ၆ လုံးထဲက ၄ လုံးပေါက်ကွဲပြီး ၂ လုံးကတော့ မပေါက်ကွဲဘဲ ဒီအတိုင်းပဲ ရှိနေသေးပါတယ်။ စစ်တပ်ရဲ့ နေ့ခင်းပိုင်းကတည်းက ကင်းထောက်နေတာကို ကြည့်ပြီး ညပိုင်း လေယာဉ်နဲ့ အခုလို ဗုံးကြဲမယ်ဆိုတာကို ကြိုသိလို့ ရွာလုံးကျွတ် အကုန်ထွက်ရှောင်လို့ ပြည်သူထိခိုက်မှု မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ကနီမြိုနယ် ပအဖအဖွဲ့ဝင် ဦးနိုင်မျိုးဝင်းက “အခုလို စစ်တပ်က မြေပြင်မှာ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်တာဟာ သူတို့ကတော့ အရူးချီးပန်း လုပ်ချင်ရာ လုပ်နေကြတာပဲလေ” လို့ DVB ကို ပြောပါတယ်။
နတ်ကြီးကျေးရွာ ပြည်သူအများစုကတော့ စစ်တပ်က ရွာကို အကြိမ်ကြိမ် ဝင်ရောက်မီးရှို့သလို လေယာဉ်နဲ့ မကြာခဏဆိုသလို လာရောက်ပစ်ခတ်တာတွေ ပြုလုပ်လေ့ ရှိတာကြောင့် ကျေးရွာမှာ မနေကြတော့ဘဲ တခြားအရပ်ဒေသကို ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။